ဂန့်ဂေါမှာ လက်ကျန်ဗုံးသီး ပေါက်ကွဲမှုကြောင့် ကလေးတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

RFA Burmese
2024.06.22
ဂန့်ဂေါမှာ လက်ကျန်ဗုံးသီး ပေါက်ကွဲမှုကြောင့် ကလေးတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ ဂန့်ဂေါမြို့တွင် ဗုံးသီးဆော့ကစားရာမှ သေဆုံးသွားသည့် ကလေးငယ်အား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့က တွေ့ရစဉ်။
Facebook/ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် သာလင်းရွာမှာ ဇွန်လ ၂၁ ရက်နေ့က ကလေးသုံးဦး မပေါက်ကွဲသေးတဲ့ ၄၀ မမ ဗုံးသီးကို ဆော့ကစားမိတာကြောင့် ပေါက်ကွဲပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် (၁၁) နှစ်အရွယ် မောင်မြင့်မြတ်ဇော်က နေရာမှာတင် သေဆုံးခဲ့ပြီး ၁၁ နှစ်အရွယ် မောင်ရှင်းသန့်နဲ့ အသက် ၁၄ နှစ်အရွယ် မောင်မင်းခန့်အောင်တို့က ဒဏ်ရာအပြင်းအထန် ရခဲ့တယ်လို့ ဆိုပါတယ်။

ကလေးတွေဟာ ရွာအပြင်ကို နွားထွက်ကျောင်းနေရင်း ဗုံးသီးကို ဆော့ကစားမိတာကြောင့် အခုလိုဖြစ်ခဲ့တာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရွာအပြင်ကို နွားထွက်ကျောင်းရင်း ဗုံးသီးကို ဆော့ကြတာပေါ့။ ဆော့နေရင်းနဲ့မှ ဗုံးကလိမ့်ကျပြီး ထပေါက်လို့ ကလေးတစ်ယောက်က မျက်နှာ၊ ရင်ဘတ်ပွင့်ထွက်ပြီး ဆုံးသွားတယ်။ ကျန်တဲ့နှစ်ဦးလည်း ဒဏ်ရာပြင်းထန်ရထားတယ်။ ဗုံးကိုတော့ ရွာထဲက ကောက်ရတာလို့ လောလောဆယ် အကြမ်းအားဖြင့် သိရတယ်။ အသေးစိတ်ကတော့ ကလေးတွေကလည်း ဆေးကုနေတုန်းဆိုတော့ မေးလို့မရသေးဘူး”

ဒဏ်ရာပြင်းထန်တဲ့ ကလေးနှစ်ဦးကို ဆေးကုသမှုပေးထားပြီး အခြေအနေကို ဆက်စောင့်ကြည့်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သာလင်းရွာနဲ့တစ်မိုင်အကွာ တောင်ခရမ်းရွာမှာအခြေစိုက်တဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ မကြာခဏပစ်ခတ်ခဲ့တာရှိပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလနောက်ပိုင်းတော့ အဲဒီတပ်စခန်းကနေ ပြန်သွားကြတယ်လို့ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။

RFA ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ်၊ မေလကုန်အထိ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား ၁၉၄၂ ဦးသေဆုံးခဲ့ပြီး ၃၈၆၆ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။