ဂန့်ဂေါမြို့ ထယ်လှော်ရွာထဲ စစ်ကောင်စီတပ်တွေဝင်စီး၊ အိမ်တွေမီးရှို့ခံနေရ

2021.10.02
ဂန့်ဂေါမြို့ ထယ်လှော်ရွာထဲ စစ်ကောင်စီတပ်တွေဝင်စီး၊ အိမ်တွေမီးရှို့ခံနေရ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ထယ်လှော်ရွာ (ဘင်း) ရှိ နေအိမ်တွေကို ၂၀၂၁၊ စက်တင်ဘာ ၁၂ ရက်နေ့က မီးရှို့ဖျက်စီးခဲ့စဉ်
Photo: Citizen Journalist

မကွေးတိုင်း။ ဂန့်ဂေါမြို့နယ်၊ ထယ်လှော်ရွာမှာ ဒီကနေ့ မနက် ၁၁ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေ နယ်မြေရှင်းလင်းရေးအနေနဲ့ ရွာထဲကအိမ်တွေကို မီးရှို့ကာ လက်နက်ကြီးတွေ၊ သေနတ်တွေနဲ့ပါ ပစ်ခတ်နေကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့က ထယ်လှော်ရွာမှာ စစ်ကောင်စီကို သတင်းပေးတယ်ဆိုတဲ့ မိသားစုဝင် သုံးယောက်တို့ အသတ်ခံခဲ့ရပါတယ်။ ဒါကြောင့် ရွာထဲကိုဝင်ပြီး အိမ်တွေမီးရှို့တာတွေလုပ်တာ ဖြစ်နိုင်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦး က RFA ကို ပြောပါတယ်။

"လောလောဆယ် အိမ် ခုနစ်လုံး၊ ရှစ်လုံးလောက် မီးရှို့ခံလိုက်ရတယ်။ လက်နက်ကြီးတွေ၊ သေနတ်တွေနဲ့ ပစ်ခတ်နေတော့ ရွာထဲလည်း မဝင်ရဲဘူး။ ထယ်လှော်မှာ ဒလန်ရှင်းလင်းရေး လုပ်ထားတယ်။ မိသားစု သုံးယောက်လို့ပြောတယ်၊ သူတို့တွေသေသွားတယ်။ အဲဒါတွေ မကျေနပ်တာတွေ ပါမယ်"

ထယ်လှော်ရွာအပါအဝင် ဂန့်ဂေါမြို့နယ်ထဲက ကန်ရွာ၊ တောင်ယာပြင်၊ ဘော်တူး၊ ဘော်ပြင်း၊ ကျွန်း ဘတ်၊ မောက် စတဲ့ရွာ ပေါင်း ၁၀ ရွာထက်မနည်းက ဒေသခံပေါင်းထောင်နဲ့ချီပြီး ဘေးလွတ်ရာမှာ ခုလှုံနေကြရသလို အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ခံထားရတယ်လို့ ပြောပါတယ်။

လက်ရှိ ထယ်လှော်ရွာထဲမှာ မြောက်ခရမ်းနဲ့ ဟံသာဝတီဘက်က ပျူစောထီးအဖွဲ့တွေပါ ရွာထဲဝင်နေကြသလို နောက်တစ်ဖွဲ့ကလည်း ဘော်ပြင်းရွာ အနောက်ဘက်က တောင်တွေပေါ်မှာ နေရာယူထားကြတယ်လို့ ပြောပါတယ်။

ခုလိုဖြစ်စဉ်နဲ့ပတ်သက်ပြီး RFA က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာတော့ မတွေ့ရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။