ဂန့်ဂေါမြို့နယ် နှမ်းခါးရွာက နေအိမ် ၃၆ လုံး မီးရှို့ခံရ

မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲက နှမ်းခါးကျေးရွာမှာ စက်တင်ဘာလ ၁၀ ရက် ဒီကနေ့ မနက်ပိုင်းက နေအိမ် ၃၆ လုံး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဒီနေ့မနက်က စစ်ကောင်စီတပ်သားတွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တို့ တိုက်ခိုက်မှုဖြစ်ပြီးနောက် စစ်ကောင်စီ တပ်သားတွေက မီးရှို့ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံကျေးရွာသား တစ်ဦးကပြောပါတယ်။
"မနက်က ၇ နာရီခွဲ ၈ နာရီခွဲက စတာပေါ့၊ သူတို့ ရပ်ရွာကာကွယ်ရေးနဲ့ ထိတွေ့မှုဖြစ်ပြီးမှ သူတို့ မီးလိုက်ရှို့ တာဖြစ်တာပေါ့ဗျ။ အိမ်ခြေ (၃၆) အိမ် မီးလောင်သွားတယ်။ ၃၆ အိမ်မှာ ဆန်စက် တစ်လုံးပါတယ်။ ဂိုဒေါင် တစ်လုံးပါသွားတယ်ဗျ"
အင်အား ၇၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒီနေ့ မနက် ၇ နာရီခွဲလောက်က ရွာထဲဝင်ရောက် လာချိန်မှာ ဒေသကာကွယ်ရေးအဖွဲ့နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ဒေသခံကျေးရွာသားတွေက ရွာထဲကနေ ထွက်ပြေးတိမ်းရှောင်နေချိန် ရွာထဲမှာနေရာယူထားတဲ့ စစ်ကောင်စီတပ်သားတွေက နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
ဒီနေ့ ညနေ ၆ နာရီခွဲအချိန်အထိ မီးလောင်ကျွမ်းနေတဲ့ နေအိမ်တွေကို ဒေသခံတွေ မီးငြိမ်းသတ်နေကြရတယ်လို့လည်း ပြောကြပါတယ်။
နှမ်းခါးကျေးရွာဟာ မကွေးတိုင်း၊ ဂန့်ဂေါ-ကလေး လမ်းပိုင်းအနီးမှာရှိပြီး အိမ်ခြေတစ်ထောင်ကျော်ရှိပါတယ်။
ယောဒေသကာကွယ်ရေးအဖွဲ့ (YDF) ကတော့ ဂန့်ဂေါဒေသအတွင်း နေအိမ်မီးရှို့တာတွေ၊ ဖမ်းဆီး သတ်ဖြတ်တာနဲ့ စစ်ကြောင်းထိုးတာတွေကို စစ်ကောင်စီအနေနဲ့ မရပ်တန့်ဘူးဆိုရင် စစ်တပ်၊ ရဲအပါအဝင် စစ်ကောင်စီကို သတင်းပေးကူညီနေသူတွေရဲ့ မိသားစုဝင်တွေကိုပါ ရှင်းလင်းရမယ်လို့ ဒီနေ့မှာပဲ ထုတ်ပြန် ထားပါတယ်။
နှမ်းခါးကျေးရွာက နေအိမ်တွေကိုမီးရှို့တာဟာ စစ်ကောင်စီတပ်သားတွေရဲ့ လက်ချက်ဖြစ်တယ်လို့ ဒေသခံတွေ ပြောဆိုနေကြတာနဲ့ပတ်သက်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။