ဂန့်ဂေါမြို့ ကျွန်းဒတ်ရွာက နေအိမ်တွေကို စစ်တပ်နဲ့ ပျူစောထီးအဖွဲ့ မီးရှို့
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက ကျွန်းဒတ်ရွာထဲကို အောက်တိုဘာလ ၅ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီ တပ်သားတွေနဲ့ စစ်ကောင်စီသတင်းပေး ပျူစောထီးဆိုတဲ့ အဖွဲ့ဝင် ၂၀ ခန့် ဝင်ရောက်လာပြီး ပစ်ခတ်မှုတွေလုပ်ခဲ့သလို နေအိမ်ခြောက်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ရွာထဲမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပစ်ခတ်တာတွေအပြင် အိမ်တွေ ကိုပါ မီးရှို့တာကြောင့် ရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုသူ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“ရွာထဲမှာမီးလောင်နေတာ မီးခိုးလုံးကြီးတွေကို အဝေးကနေ လှမ်းမြင်နေရတယ်၊ ရွာထဲကျန်ခဲ့တဲ့ သူတွေ ကလည်း အိမ်တွေကိုမီးရှို့နေပြီဆိုပြီး လှမ်းပြောလို့သိရတာ၊ မနက် ၈ နာရီလောက်က အိမ်လေးလုံးကို ရှို့တယ်၊ အခုနေ့လယ်ခင်းမှာ အိမ်နှစ်လုံးထပ်ရှို့တယ်” လို့ ဒေသခံကဆိုပါတယ်။
မြောက်ခရမ်းနဲ့ ဟံသာဝတီရွာဘက်က ပျူစောထီးအဖွဲ့တွေဟာ စစ်ကောင်စီတပ်နဲ့ ပေါင်းပြီး ရွာတွေထဲ ဝင်ရောက် ပစ်ခတ်တာတွေကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးနေကြရပြီး တချို့နေရာတွေမှာ တောထဲအထိ လိုက်လံပစ်ခတ်နေတာကြောင့် တောနက်တဲ့နေရာတွေအထိ ဝင်ရောက် ပုန်းနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
အောက်တိုဘာ ၂ ရက်နေ့ကလည်း ထယ်လှော်ရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းကို အကြောင်းပြပြီး နေအိမ်တွေကို ဝင်ရောက်မီးရှို့တာနဲ့ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်တာတွေပါ လုပ်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
ရွာတွေထဲကို ဝင်ရောက်ပစ်ခတ်တာနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပေါ် စစ်ကောင်စီဘက်က တုံ့ပြန်မှုကိုရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကဆက်သွယ်နေဆဲဖြစ်ပါတယ်။
ဂန့်ဂေါမြို့နယ်ထဲက ကန်ရွာ၊ တောင်ယာပြင်၊ ဘော်တူး၊ ဘော်ပြင်း၊ ကျွန်းဒတ်၊ မောက် စတဲ့ရွာတွေ အပါအဝင် ရွာပေါင်း ၁၀ ရွာကျော်က ဒေသခံတွေဟာ နီးစပ်ရာ တောတောင်တွေထဲ ထွက်ပြေးပုန်းရှောင် နေကြရသလို အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ခံထားရပါတယ်။