GAP ကုမ္ပဏီက မြန်မာအထည်တွေ တင်သွင်းမည်
2014.06.07

မြန်မာနိုင်ငံ အထည်ချုပ်စက်ရုံ ၂ ရုံကထွက်တဲ့ အဝတ်အထည်တွေကို အမေရိကန်ပြည်ထောင်စု ဆန်ဖရန်ဆစ္စကိုမြို့အခြေစိုက် GAP ကုမ္ပဏီက လက်အောက်ခံကုမ္ပဏီပိုင် တံဆိပ်တွေဖြစ်တဲ့ Old Navy နဲ့ Banana Republic ဆိုင်ခွဲတွေအတွက် ဒီလထဲမှာ စပြီးတင်သွင်းမယ်လို့ သိရပါတယ်။
GAP ကုမ္ပဏီအနေနဲ့ အမေရိကန်အစိုးရ နိုင်ငံတကာ အကူညီပေးရေးဌာန USAID နဲ့ ပူးတွဲပြီး မြန်မာ အမျိုးသမီးထုအတွက် အလုပ်အကိုင် အခွင့်အလမ်းနဲ့ လူမှုစီးပွားရေး တိုးတက်ရေးအတွက် မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံ ၂ ရုံမှာ ကုမ္ပဏီအတွက် လိုအပ်တဲ့အထည်တွေကို ထုတ်လုပ်သွားမယ်လို့ ဒီကနေ့ ရန်ကုန်မှာပြုလုပ်တဲ့ သဘောတူ လက်မှတ်ရေးထိုးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ USAID အကြီးအကဲ Chris Miligan က ပြောပါတယ်။
အမေရိကန် အကောက်ခွန်ဌာနနဲ့ မြန်မာအခြေစိုက် လေ့လာရေးအကြံပေးချက်တွေအရ ဒီစက်ရုံ ၂ ရုံက ထုတ်မယ့် GAP အဝတ်အထည်တွေမှာ မြန်မာနိုင်ငံမှာ ထုတ်လုပ်သည် တံဆိပ်စာကို Myanmar/Burma နာမည် ၂ မျိုးနဲ့ ထည့်မယ်လို့လည်း သိရပါတယ်။ GAP အနေနဲ့ တိုက်ရိုက်ရင်းနှီးမြုပ်နှံတာ မဟုတ်ပေမယ့် ရှိပြီးသား အထည်ချုပ်စက်ရုံ ၂ ခုမှာ မှာကုန်အဖြစ် အထည်အပ်မှာဖြစ်ပြီး ဒီမှာကုန်တွေကြောင့် စက်ရုံတစ်ရုံမှာ ဝန်ထမ်းသစ် ၇၀၀ ထပ်ခန့်အထိ ငှါးရမ်းအလုပ်ကိုင်ပေးနိုင်ခဲ့တယ်လို့ GAP အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။
GAP ဟာ အမေရိကန်ပြည်ထောင်စုက စီပွားရေးပိတ်ဆို့မှု ဖြေလျှော့အပြီး အဝတ်အထည်ကဏ္ဍမှာ အမေရိကန်ပြည်ထောင်စုကို ပထမဆုံးတင်သွင်းမယ့် အမေရိကန်ကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။