အထည်ချုပ်စက်ရုံ အလုပ်သမား ၂၀၀၀ လုပ်ခလစာ တိုးပေးဖို့ တောင်းဆို ဆန္ဒပြ
2012.06.01

စက်ရုံတွင်းမှာ ငြိမ်းချမ်းစွာ တောင်းဆိုခဲ့တဲ့ အလုပ်သမား (၄၀) လောက်ကို စက်ရုံတာဝန်ရှိသူတွေဘက်က ခြိမ်းခြောက်ပြောဆိုလို့ အခုလို ဆန္ဒပြခဲ့တဲ့ အခြေအနေကို ဆန္ဒပြ အလုပ်သမတစ်ဦးက အခုလိုပြောပါတယ်။
"လစာကို သူများစက်ရုံတွေမျိုးပဲ သုံးသောင်း တိုးချင်တယ်။ အထဲမှာ တောင်းဆိုတာကို သူတို့ဘက်က လုံး၀ လက်မခံဘူးလေ၊ လက်မခံတဲ့အတွက်ကြောင့်မို့ သမီးတို့ အပြင်ကိုထွက်ပြီး တောင်းဆိုတယ်။ ဒီနေ့ဆိုရင် (၄) ရက်ရှိသွားပြီ။ ပထမပိုင်းက လူနည်းတယ် အခုဟာက လူများတယ်။ နှစ်ရာကျော် နှစ်ရာလောက်ရှိတယ်။ အပြင်ထွက်တယ် ဆိုတာကလည်း ပထမ ထွက်နေတဲ့သူတွေကို ထုတ်မယ်တို့၊ ရဲခေါ်ပြီး အဖမ်းခိုင်းမယ်တို့၊ အရေးယူခိုင်းမယ်လို့ အဲလိုမျိုးတွေ ကြားတဲ့အခါကြတော့ မနေ့က နေ့ခင်းလောက်ကစပြီး လူအများကြီးနဲ့ ထွက်တာ"
အာရှ ဖူဂျီစက်ရုံမှာ အလုပ်သမား (၃၀၀) ကျော်လောက်ရှိပြီး အဲဒီစက်ရုံတွင်းမှာ အလုပ်ချိန် မနက် ရှစ်နာရီကနေ ညနေ ခြောက်နာရီခွဲအထိ အလုပ်လုပ်ကြရပြီး အချိန်ပိုကြေးလည်း မရရှိဘူးလို့ သိရပါတယ်။
အနိမ့်ဆုံးလုပ်အားခ (၆၀၀၀၀) ခြောက်သောင်းကနေ အမြင့်ဆုံး ရှစ်သောင်းကျော် ရရှိပေမယ့် ကျန်းမာရေးကြောင့် အလုပ်တစ်ရက် နားခဲ့မယ်ဆိုရင် ကျပ်ငွေ (၁၂၀၀၀) ထိ ဖြတ်တောက်တာကြောင့် တချို့ကျန်းမာရေးမကောင်းတဲ့ အလုပ်သမားတွေ လုပ်ခလစာ ထုတ်တဲ့အခါ တစ်ပြားမှမကျန်တဲ့ အခြေအနေတွေထိ ဆိုးဝါးကြောင်း စောစောက အလုပ်သမက ဆက်ပြောပါတယ်။
အလားတူ လှိုင်သာယာ စက်မှုဇုန် (၃) ထဲမှာရှိတဲ့ ပေါ်ပြူလာနဲ့ ဂရင်းဂယ်လိုရီ အထည်ချုပ်စက်ရုံ (၂) ရုံမှာလည်း အလုပ်သမား နှစ်ထောင်လောက် အခြေခံလုပ်ခလစာ တိုးပေးဖို့ တောင်းဆို ဆန္ဒပြနေတယ်လို့ အလုပ်သမား သမဂ္ဂဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ကိုထွန်းထွန်းနိုင်က အခုလိုပြောပါတယ်။
"ဒီကနေ့ လှိုင်သာယာစက်မှုဇုန်ထဲက ပေါ်ပြူလာဆိုတဲ့ အထည်ချုပ်စက်ရုံရယ်၊ နောက်တခါ ဂရင်း ဂယ်လိုရီ ဆိုတဲ့စက်ရုံရယ် နှစ်ရုံပေါင်း ဆိုရင်တော့ လူအင်အား နှစ်ထောင်ဝန်းကျင်လောက် ရှိမှာပေါ့။ ဆန္ဒပြနေတယ်။ အကုန်လုံးက အခု သုံးသောင်း ဆိုပြီးတော့ အားလုံးတည်ပြီးတော့ တောင်းဆိုကြပါတယ်။ နောက်တခါ သူတို့ ရက်မှန်ကြေးတို့၊ အိုတီဆုကြေးတို့ အဲဒီထဲမှာ ထည့်ပြီးတော့ ပေါင်းမပေးဘဲ သီးခြားပိုက်ဆံပေးဖို့ကို သူတို့က တောင်းဆိုနေကြတာ၊ သူတို့အထဲမှာ ရှိတဲ့ အခက်အခဲလေးတွေပေါ့။ အဲဒါလေးတွေ တောင်းဆိုကြတာ အဓိက က သူတို့က လစာသုံးသောင်း ထပ်ပြီးတိုးပေးဖို့ တောင်းတာပဲ"
အခု ဆန္ဒပြနေတဲ့ အာရှဖူဂျီ၊ ပေါ်ပြူလာ၊ ဂရင်းဂယ်လိုရီ အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမားတွေ တောင်းဆို ဆန္ဒပြနေတဲ့ အချက်တွေနဲ့ ပတ်သက်လို့ လုပ်ငန်းရှင်တွေဘက်က တစုံတရာ ညှိနှိုင်းဆွေးနွေးတာမျိုး ဒီကနေ့ ညနေအထိ မရှိသေးဘူးလို့ သိရပါတယ်။