တရုတ်ပြည်ကို ဓာတ်ငွေ့ပိုက်လိုင်း သွယ်မယ့်ကိစ္စ ကန့်ကွက်
2012.03.01

Photo: Shwe Gas Movement
၂၀၁၃ မှာ စတင်လည်ပတ်တော့မယ့် မြန်မာနိုင်ငံ အနောက်ဘက် ကမ်းခြေကနေပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွယ်တန်းမယ့် ရွှေဂက်စ် စီမံကိန်းနဲ့အတူ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းတွေ
ရပ်တန့်ပေးဖို့ တောင်းဆို ဆန္ဒပြနေကြတာဖြစ်ပြီး ဒီလိုပြုလုပ်ရတာနဲ့ ပတ်သက်လို့ ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့က ဦးဆောင်ပါဝင်သူ ကိုဝင်းအောင်က အာအက်ဖ်အေကို အခုလို ပြောပါတယ်။
"အဓိက ရည်ရွယ်ချက်ကတော့ ဒီ ရခိုင်ကနေ တရုတ်ကို သွယ်တန်းဖောက်လုပ်နေတဲ့ သဘာဝဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်း စီမံကိန်းတွေဟာဆိုရင်ဖြင့် လောလောဆယ် ဦးသိန်းစိန်အစိုးရ လက်ထက်မှာ
ကျွန်တော်တို့အနေနဲ့ ဒေသခံတွေအပေါ်မှာ တိုင်းသူပြည်သားတွေအပေါ်မှာ ထိထိရောက်ရောက် အကျိုးဖြစ်ထွန်းနိုင်တဲ့ အထောက်အထားကို ကျွန်တော်တို့ မတွေ့ရသေးဘူး။ အဲ့ဒါကြောင့် ဒေသခံတွေကို
ပိုပြီးတော့ အကျိုးအမြတ် ရှိနိုင်အောင် ဒီစီမံကိန်းကြောင့်ဖြစ်ပေါ်လာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပါအဝင် သဘာဝပတ်ဝန်ကျင် ပျက်စီးမှုတွေကို အတတ်နိုင်ဆုံး သူတို့အနေနဲ့ ထိန်းသိမ်းပေးနိုင်တဲ့
ဥပဒေတစ်ရပ် ပေါ်ပေါက်လာတဲ့အထိ ရပ်ဆိုင်း ထားချင်တဲ့အနေနဲ့ ကျွန်တော်တို့ တောင်းဆိုရခြင်း ဖြစ်ပါတယ်"
ဒီစီမံကိန်းကြောင့် ပိုက်လိုင်း သွယ်တန်းရာတစ်လျှောက်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ အများအပြား ဖြစ်ပေါ်နေတဲ့အပြင် လယ်ယာမြေ သိမ်းဆည်းခံရမှု၊ လူမှုရေး၊ စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ
ဆိုးကျိုး သက်ရောက်မှုတွေ ထိထိရောက်ရောက် ဖြေရှင်းပေးမှုမရှိသေးဘဲ စီမံကိန်းကနေ ရလာမယ့် အကျိုးအမြတ်တွေကို လက်ရှိအစိုးရက အများပြည်သူ သိရှိအောင် ထုတ်ဖော်ပြောဆိုခြင်း မရှိတာဟာ
စိုးရိမ်စရာ ဖြစ်နေတယ်လို့လည်း ကိုဝင်းအောင်က ဆက်ပြောပါတယ်။
"ဖွံ့ဖြိုးတိုးတက်မှုဆိုတာက ဒီစီမံကိန်းက ရလာမယ့် အခွန်ပိုက်ဆံတွေ အများကြီးရှိတယ်။ အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၂၉ သန်း ရမယ်။ အဲ့ဒီပိုက်ဆံတွေကလည်း ဘယ်ကိုရောက်သွားမှန်း ကျွန်တော်တို့က
မသိသေးဘူး။ လက်ရှိလွတ်တော်မှာလည်း ဒီဟာတွေကို ထဲထဲဝင်ဝင် စနစ်တကျ ဆွေးနွေးပိုင်ခွင့်တွေ မရှိဘူး။ ကျွန်တော်တို့ ရခိုင် နိုင်ငံရေးပါတီတွေ အပါအဝင်ပေါ့နော်၊ တခြား တိုင်းရင်းသားပါတီတွေအနေနဲ့
ကလည်း ဒီဟာနဲ့ပတ်သက်ပြီးတော့ ဘာအချက်အလက်မှ သိခွင့်မရတဲ့ဟာတွေ အများကြီးရှိတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ ဒီလူထုအပေါ်မှာ ဘယ်လောက်အထိ ထိခိုက်နိုင် ဘယ်လောက်ထိ
အကျိုးအမြတ် ရှိနိုင်တယ်၊ လောလောဆယ် မြန်မာနိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်တွေ ဘယ်လောက်ရှိတယ်၊ ဒီစီမံကိန်းကနေ ဘယ်လောက်ထိ ဖြည့်စွမ်းနိုင်တယ်ဆိုတာက တော်တော်လေးကို မေးခွန်းထုတ်စရာ
ဖြစ်တယ်။ စိုးရိမ်စရာတွေ အများကြီးရှိတာပေါ့"
ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းရပ်ဆိုင်းရေး ဒီကနေ့ လှုပ်ရှားမှုတွေကို မြန်မာနိုင်ငံ ကျောက်ဖြူနဲ့ ရန်ကုန်၊ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ တခြားနိုင်ငံ တခြားမြို့တွေမှာလည်း လုပ်ခဲ့ကြပြီး ချင်းမိုင်မြို့မှာတော့
တရုတ် ကောင်စစ်ဝန်ရုံးက တာဝန်ရှိသူဆီမှာ တောင်းဆိုစာတွေ ပေးအပ်ခဲ့ပါတယ်။