ဖခင်ဗိုလ်ချုပ်စိတ်ဓါတ် အတုယူ ကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


2015.02.13
dassk-children-day-305 မြန်မာနိုင်ငံကလေးများနေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့စိတ်ဓါတ် ကို အတုယူစေချင်လို့ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့ က ဒေါ်အောင်ဆန်းစုကြည်က နတ်မောက်မြို့မှာ ပြောကြား ခဲ့စဉ်
Photo: Kyaw Zaw Win, Kyaw Lwin Oo/RFA

ဗိုလ်ချုပ်မွေးနေ့ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ခဲ့တာ ဟာ ကလေးတွေအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့စိတ် ဓါတ်ကို အတုယူစေချင်လို့ သတ်မှတ်ခဲ့ တာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က နတ်မောက်မြို့မှာကျင်းပတဲ့ ကလေးများနေ့ အခမ်း အနားမှာ ပြောပါတယ်။

ဗိုလ်ချပ်နှစ် ၁ဝဝ ပြည့်မွေးနေ့ပွဲအပြီး မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်ကြေးရုပ် ကွင်းမှာကျင်းပတဲ့ ကလေးများနေ့အခမ်းအနားကို တက်ရောက်စဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။

"ဒီနေ့ ကလေးများနေ့ဆိုပြီးတော့ ဖေဖေ့ ရဲ့မွေးနေ့ကို ဘာဖြစ်လို့ကြေညာခဲ့လဲဆိုတော့ အဲ့ဒီတော့ ပထမဦးဆုံး ဒီအတွေးကိုရောက်ခဲ့တာ ကြီးပွါးရေး ဦးသိန်းဆိုတဲ့ ပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်ပါတယ်၊ ကြီးပွါးရေး ဦသိန်းရဲ့အမည် က မြန်မာနိုင်ငံရဲ့ကလေးတွေကို ဖေဖေ့ကိုစံထားပြီးတော့ နိုင်ငံ့အတွက်၊ လူသားများအတွက် တန်ဖိုးရှိတဲ့လူသားတွေ ဖြစ်ပါစေဆိုပြီးတော့ပဲ၊ ဒါကြောင့်မို့လို့ ဖေဖေ့ကို နမူနာထားစေချင်ပြီး ဗိုလ်ချုပ်အောင်ဆန်းကို စံထားစေချင်လို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ကို မြန်မာနိုင်ငံ ကလေးများနေ့ဆိုပြီးတော့ သက်မှတ်မယ်စေချင်တယ်ဆိုပြီးတော့ ကြီးပွါးရေး ဦးသိန်းရဲ့ ပုဂ္ဂိုလ်ကြီးကနေပြီးတော့ ဒါကိုလှုံ့ဆော်ပြီးတော့ သက်မှတ်ခဲ့ဖူးတယ်"

နတ်မောက်မြို့က ကလေးများနေ့အခမ်းအနားကို တောင်တွင်းကြီး၊ ပွင့်ဖြူ၊ မင်းဘူး၊ ရေနံချောင်း စတဲ့မြို့နယ် ၂၄ မြို့နယ်က ကလေး ၃ဝဝ နီးပါးလောက် တက်ရောက်ခဲ့ပါတယ်။

အလားတူ မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားကို ရန်ကုန်မြို့က ပြည်သူ့ရင်ပြင်မှာလည်း ကျင်းပခဲ့ပြီး ကဗျာရွတ်ပြိုင်ပွဲ၊ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတွေကျင်းပခဲ့ပါတယ်။

ဒီအတောအတွင်း ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲကို ရှမ်းပြည်နယ် ပင်လုံမြို့ ပင်လုံကျောက်တိုင်ကွင်းမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ရက်ထူးရက်မြတ်မှာ မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့ ငြိမ်းချမ်းရေးရရှိဖို့ ဆုတောင်းပွဲကျင်းပတာဖြစ်တယ်လို့ အခမ်းအနားစီစဉ်တဲ့ ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။

အဲ့ဒီအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ကချင်အမျိုးသားဒီမိုကရေစီ ကွန်ဂရက်ပါတီ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ မွန်ဒီမိုကရေစီပါတီ စတဲ့ တိုင်းရင်းသားပါတီ ၂၂ ခုက လူငယ်တွေ ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးရပ်ဇာတိ နတ်မောက်နဲ့ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ဒီကနေ့ကျင်းပခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်မွေးနေ့နဲ့ ကလေးများနေ့ အခမ်းအနားအကြောင်း RFA သတင်းထောက် မဇာဏီထွဏ်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို လူထုကြားပြောဆိုရေးသားခွင့်၊ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ ထူးခြားတဲ့နေ့တွေ ကျင်းပခွင့်မရခဲ့တာ ဆယ်စုနှစ်အတော်များများကြာခဲ့ပြီဖြစ်ပေမဲ့ ဒီကနေ့ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁၀၀ ပြည့်မွေးနေ့ပွဲတွေကိုတော့ နိုင်ငံအနှံ့မှာ ခြိမ့်ခြိမ့်သည်းသည်းကျင်းပခွင့်ရခဲ့ပါပြီ။ ဗိုလ်ချုပ်မွေးနေ့မှာ မျိုးဆက်မတူသူအားလုံးက ဗိုလ်ချုပ်အကြောင်းစဉ်းစားပြောဆိုနေကြတဲ့အကြောင်း RFA အဖွဲ့သူ မခက်မာ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။