ဗိုလ်ချုပ်နဲ့ မတူ လားရှိုးလူထု မလိုချင်
2016.07.09

ရှမ်းပြည်နယ် လားရှိုးမြို့မှာထားရှိမယ့် ဗိုလ်ချုပ်ကြေးရုပ်တု မျက်နှာဟာ ဗိုလ်ချုပ်အောင်ဆန်း မျက်နှာနဲ့ မတူဘူး ဆိုပြီး ဝေဖန်မှုတွေရှိနေတာကြောင့် ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီက မြို့ခံလူထုရဲ့ ဆန္ဒသဘောထားခံ ယူပြီး ကြေးရုပ်ကို ပြင်ဆင်ဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
မြို့ခံ ဒေါ်ခင်ဝင်းနီက ကြေးရုပ်ကို မိမိလေးစားတဲ့ အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတူပဲဖြစ်စေ ချင်တာကြောင့် ပြင်ဆင်ဖို့ ဆန္ဒပြုခဲ့တာဖြစ်တယ်လို့ပြောပါတယ်။
"ဗိုလ်ချုပ်အောင်ဆန်းဆိုတာ လွတ်လပ်ရေးဖခင်ကြီးလည်းဖြစ်တယ်လေ၊ သမိုင်းမှာ အရေးကြီးတဲ့ပုဂ္ဂိုလ်ကြီးတစ်ယောက်ကို မျက်နှာမတူတဲ့အတွက် အန်တီတို့မြို့မှာမထားချင်ဘူး၊ ကိုယ့်ဗိုလ်ချုပ်ရဲ့မျက်နှာပဲဖြစ်စေချင်တယ်လေနော်၊ မျက်နှာမတူဘူး၊ ရန်ကုန်မှာတွေ့ဘူးတဲ့ ဗိုလ်ချုပ်ရုပ်ကမျက်နှာကတော့ ဗိုလ်ချုပ်မှ ဗိုလ်ချုပ်၊ အဲ့လိုဖြစ်စေချင်တယ်"
သဘောထားခံယူပွဲကို မြို့ခံလူထု ၂၉ဝ ကျော် တက်ရောက်ခဲ့ပြီး မဲလက်မှတ်နဲ့ ဆန္ဒပြုသူ ၂၇၈ ဦးရှိတဲ့အထဲက မပြင်ဆင်ဖို့ ဆန္ဒပြုသူ ၅၄ ဦးနဲ့ ပြင်ဆင်ဖို့ ဆန္ဒပြုသူ ၂၂ဝ ကျော် ရှိတာကြောင့် ကြေးရုပ်ကို ပြန်လည်ပြင်ဆင်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
လားရှိုးမြို့မှာ ပထမဦးဆုံးအကြိမ်ထားရှိမယ့် ဗိုလ်ချုပ်ကြေးရုပ်ကို ဗိုလ်ချုပ်နှစ်ရာပြည့်မွေးနေ့မတိုင်ခင် ဆောင်ရွက် ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့မေလ ၂၃ ရက်နေ့မှာ ကြေးရုပ်သွန်းလုပ်ခဲ့တဲ့ မန္တလေးမြို့ကနေ လားရှိုးမြို့ကို သယ်ဆောင်ခဲ့ တာ ဖြစ်ပါတယ်။
ကြေးရုပ်မျက်နှာပြင်ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့မတူဘူးဆိုပြီး ဝေဖန်မှုတွေရှိနေသလို ကြေးရုပ်ကို ပြင်ဆင်လို သူတချို့ကလည်း ကြေးရုပ်ပြင်ဆင်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းပုံတူ ကြေးရုပ်တုဖြစ်မြောက်ရေး အဖွဲ့ကို ဖွဲ့စည်းထားပါတယ်။ ဗိုလ်ချုပ်ကြေးရုပ်ကို မြို့ခံတွေ လေ့လာနိုင်အောင် မြို့တော်ခန်းမမှာ ပြသထားပါတယ်။
ဗိုလ်ချုပ်ကြေးရုပ် အမြင့်ပေဟာ ၈ ပေရှိပြီး ကြေးပိဿချိန်၂ဝဝ နဲ့ငွေကျပ်သိန်း ၁၅ဝ ကျော် အကုန်အကျခံ သွန်းလုပ်ခဲ့တာဖြစ်ပါတယ်။