မျိုးဗီဇသစ်တစ်ခု ကို မြန်မာလူမျိုး ဆေးပညာရှင် တွေ့ရှိ
2012.11.13

အဲဒီ ဆေးသိပ္ပံပညာရှင်ကတော့ အသက် ၆ နှစ် အရွယ်ကတည်းက အမေရိကန် ပြည်ထောင်စုကိုရောက်ရှိ ပညာသင်ကြားခဲ့ပြီး လက်ရှိ ဟားဗတ် ဆေးတက္ကသိုလ်မှာ တွဲဘက်ပါမောက္ခအဖြစ် တာဝန် ထမ်းဆောင်နေတဲ့ မြန်မာလူမျိုး ဒေါက်တာဘယ်ရီပေါ် Barry Paw (ခေါ်) ဒေါက်တာဘယ်ရီထင်ပေါ် ဖြစ်ပါတယ်။
“ကျနော်တို့ အခုတွေ့ရှိတဲ့ မျိုးဗီဇအသစ်က အတိုကောက်ပြောရရင် “ ATP-IF 1” လို့ ခေါ်ပါတယ်။ ဒီမျိုးဗီဇအသစ်ဟာ ခန္ဓာကိုယ်ရဲ့သွေးနီဥမှာ အောက်စီဂျင်ဓာတ် သယ်ယူပို့ဆောင်ပေးတဲ့ “ဟီမိုဂလိုဗင်” ဖြစ်ပေါ်မှုကို ထိန်းညှိပေးတဲ့ မျိုးဗီဇပါပဲ။ ဒီမျိုးဗီဇ မရှိဘူးဆိုရင် “ဟီမိုဂလိုဗင်” ထုတ်လုပ်နိုင်စွမ်း လျော့နည်းပြီးတော့ သွေးအားနည်း တဲ့ရောဂါ ဖြစ်စေနိုင်ပါတယ်” လို့ ဒေါက်တာဘယ်ရီပေါ်က ပြောပါတယ်။
ဒီမျိုးဗီဇကို zebrafish လို့ခေါ်တဲ့ ငါးတမျိုးမှာ ဓာတုနည်းနဲ့ သန္ဓေပြောင်း ပုံတူပွားပြီး စမ်းသပ်ခဲ့တာပါ။ အခု မျိုးဗီဇအသစ်ကို တွေ့ရှိရတဲ့အတွက် သွေးအားနည်းရောဂါ ကုသဖို့ ဆေးဝါးတွေ၊ ကုထုံးတွေကို တစုံတရာ အထောက်အကူ ပြုနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်းနဲ့ အဲဒီအဆင့်ကိုရောက်ရှိဖို့ နောက်ထပ် သုတေသန လုပ်ငန်းတွေ လိုအပ်နိုင်တယ်လို့လည်း ဒေါက်တာဘယ်ရီပေါ်က RFAကို ပြောပါတယ်။
ဒေါက်တာ ဘယ်ရီပေါ်ဟာ လွန်ခဲ့တဲ့ ၆ နှစ်ခန့်ကလည်း သွေးနီဥမှာ ပါတဲ့ “ဟီမိုဂလိုဗင်” ဓာတ် ဖြစ်ပေါ်စေဖို့ mitoferrin ဆိုတဲ့ မျိုးဗီဇရဲ့ အလုပ်လုပ်ပုံကို ရှာဖွေတွေ့ရှိခဲ့သူ ဖြစ်ပါတယ်။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |