ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် သရုပ်ဆောင်ရွေးပွဲကျင်းပ
2012.07.20
ဒီကနေ့ ရွေးချယ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က သရုပ်ဆောင်ပုံတွေကို စိတ်ဝင်တစား ကြည့်ရှုပြီး အကြံဉာဏ်တွေ ပေးခဲ့တယ်လို့ ဇာတ်ညွန်းရေးဆရာ စာရေးဆရာ ကိုဇော်သက်ထွေးက ပြောပါတယ်။
"သူတို့တွေရဲ့ အသံ၊ ရုပ်ရည်တူဖို့၊ နောက်ပြီးတော့ အသက်၊ အရပ်အမောင်း၊ သူတို့ရဲ့ EQ၊ IQ၊ နိုင်ငံအပေါ်မှာ သူတို့ရဲ့ သဘောထား၊ ဗိုလ်ချုပ်အောင်ဆန်း အပေါ်မှာ သူတို့ရဲ့သဘောထား၊ ဒီဇာတ်ကားရိုက်ကူးတဲ့ အတွက် သူတို့ရဲ့ စိတ်ဓာတ်ခံယူပုံ ဒီအချက်တွေကို အားလုံးမေးပြီးမှ အမှတ်ပေးပြီး အဲဒီအမှတ်တွေနဲ့ ရွေးချယ်တာ ဖြစ်ပါတယ်။ တစ်ယောက်ချင်း သရုပ်ဆောင်တာပါ။ အဲတာကြောင့်မို့လို့ တစ်ယောက်ချင်း အန်တီနဲ့ ဒီသရုပ်ဆောင်တွေ စကားပြောဆိုကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ ဒီကလေးတွေရဲ့ ခုနက ကြိုးပမ်းအားထုတ်မှုနဲ့ ဒီရုပ်ရည်အပေါ်မှာ ဘာမှ ပြောစရာ မရှိပါဘူး။ ဒါပေမဲ့ ခုန သရုပ်ဆောင်တဲ့ အပေါ်တွေမှာတော့ လေ့ကျင့် သင်ကြားပေးဖို့ကိုတော့ ထပ်မံ တိုက်တွန်းသွားတာပါ"
ဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင်ဖို့ ပဏာမ ရွေးချယ်ထားတဲ့သူ ၇ ဦးနဲ့ ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်မဲ့သူ ၄ ဦး တို့ရဲ့ တစ်ဦးချင်း သရုပ်ဆောင်မှုကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီအဖွဲ့က စစ်ဆေး အကဲဖြတ်ပြီး ၂ ဦးစီကို ဆန်ခါတင် ရွေးချယ်လိုက်ကြောင်း သိရပါတယ်။
နောက်ဆုံး ရွေးချယ်ထားတဲ့ သရုပ်ဆောင်တွေရဲ့ အမည်စာရင်းကို လာမဲ့ သီတင်းပတ်အတွင်း တရားဝင် ထုတ်ပြန် ကြေညာမယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်ဖို့ ပဏာမ ရွေးချယ်ထားသူတွေထဲက ကိုစိုင်းနော်ခမ်း၊ မနှင်းထက်ထက်ဝေနဲ့ မသင်းမြတ်သန္တာလှိုင် တို့ရဲ့ ဒီရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်တဲ့ ခံစားမှုတွေကို ဒေါ်ခင်ခင်အိက တင်ဆက်ထားပါတယ်။
![]() |
တင်ပြချက်။ |
![]() |
အသံဖိုင်ယူရန်။ |