ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကူမင်းမြို့ဆေးရုံတွင် ဆေးကုသ
2012.09.05

အခုအခါ ကူမင်းမြို့ဆေးရုံ အရေးပေါ်အခန်းမှာ ကုသခံနေရကြောင်း သားဖြစ်သူ ဦးအောင်ကျော်ဇောက ပြောပါတယ်။
"ဆေးရုံမှာ တစ်လနီးပါးလောက်ရှိပြီ။ အသက် ၉၃ နှစ်ဆိုတော့ နည်းတဲ့ အသက်အရွယ်လား၊ ကူမင်းမှာ ရာသီဥတု အပြောင်းအလဲက သိပ်မြန်တယ်။ အဆုတ် နမိုးနီးယားဖြစ်တာကို။ အခုက အပူက ကျသွားပြီ။ အသက်ကြီးတဲ့အခါ ဒါကဖြစ်တတ်တာပဲ။ စားဖို့ သောက်ဖို့ သိပ်ခက်လာတယ်။ မစားနိုင်ဘူး။ ဒီ တစ်ရက်၊ နှစ်ရက်တော့ တော်တော်လေး ပြန်ကောင်းလာတယ်"
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ ကွန်မြူနစ်ပါတီဝင် ဖြစ်ပေမဲ့ ဘာသာတရားကို အရင်ကတည်းက လေ့လာလိုက်စားခဲ့ကြောင်း၊ ရွှေတိဂုံဘုရားကို ဖူးမြော်ချင်နေပေမဲ့ လက်ရှိအခြေအနေအရ မဖြစ်နိုင်တော့ဘူးလို့ ဦးအောင်ကျော်ဇောက ပြောပါတယ်။
မြန်မာ့ လွတ်လပ်ရေးအတွက် ဂျပန်နိုင်ငံကို သွားရောက် စစ်ပညာသင်ယူခဲ့တဲ့ ရဲဘော်သုံးကျိပ်ထဲမှာ ရန်ကုန်မြို့နေ အသက် (၉၁) နှစ် ရှိနေပြီဖြစ်တဲ့ ဗိုလ်ရဲထွတ်နဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောတို့ (၂) ဦးပဲ သက်ရှိထင်ရှား ကျန်ရှိပါတော့တယ်။
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ ၁၉၅၄ ခုနှစ်က မြန်မာနိုင်ငံတွင်းကို ကျူးကျော် ဝင်ရောက်လာခဲ့တဲ့ တရုတ်ဖြူ ကူမင်တန်တပ်တွေကို တိုက်ထုတ်ရာမှာ နာမည်ကြီးခဲ့တဲ့ စစ်ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။
၁၉၇၆ ခုနှစ်မှာ အရှေ့မြောက် စစ်ဒေသ ဗမာပြည် ကွန်မြူနစ်ပါတီ အခြေစိုက်ရာ တရုတ်နယ်စပ်ကို တောခို ဝင်ရောက်လာခဲ့ပါတယ်။ ပါတီထဲမှာ ပေါလစ်ဗျူရို အဖွဲ့ဝင်အဖြစ် တာဝန်ယူသလို စစ်ရေးတာဝန်တွေလည်း ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။