ဖဲ့ွစည်းပုံပြင်ဆင်ဖို့ ကြိုးပမ်းတာ တိုင်းပြည်အတွက် အန္တရာယ်ရှိနိုင်တယ် လို့ တပ်မတော်ပြော


2019.07.17
mgmg-general-622.jpg ဗိုလ်မှူးချုပ် မောင်မောင် ၂၀၁၉၊ ဇူလိုင် ၁၇ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - ဝင်းကိုကိုလတ်/ RFA

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာနဲ့ပတ်သက်လို့ အဆိုပြုချက်တင်သွင်းတာ၊ သဘောထားမှတ်ချက်ပေးတာတွေ ဆောင်ရွက်ခဲ့ခြင်းမရှိတဲ့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင်က ဒီလိုဖွဲ့စည်းပုံပြင်ဆင်ဖို့ ကြိုးပမ်းတာဟာ တိုင်းပြည်အတွက် အန္တရာယ်ရှိနိုင်တယ်လို့ ပြောလိုက်ပါတယ်။

ဒါပေမဲ့ ဘယ်လိုအန္တရာယ်မျိုးလဲဆိုတဲ့ သတင်းထောက်တစ်ဦးက ပြန်လည်မေးမြန်းတဲ့အခါမှာတော့ ပြန်လည်မဖြေကြားခဲ့ပါဘူး။

အဖွဲ့ဝင် ၄၅ ဦးပါ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီက ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ဖို့ အချက်ပေါင်း ၃၇၆၅ ချက်ကို ပြီးခဲ့တဲ့ ၁၅ ရက် က ပြည်ထောင်စုလွှတ်တော်ထံ တင်ပြခဲ့တာပါ။

တိုင်းရင်းသားပါတီတွေထဲက ရခိုင်အမျိုးသားပါတီဟာ လွှတ်တော်ထဲမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍပယ်ဖျက်ဖို့ အပါအဝင် အချက်ပေါင်း ၈၅၈ ချက်ကို အကြံပြုတင်ပြထားတာပါ။

အင်န်အယ်လ်ဒီပါတီကတော့ လွှတ်တော်ထဲက တပ်မတော်ကိုယ်စားလှယ် ပါဝင်မှုကို တဖြည်းဖြည်းချင်း လျှော့ချဖို့ အဆိုပြုထားတာပါ။

NLD ပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ အခန်းကလွဲလို့ ကျန်တဲ့ ကဏ္ဍအကုန်လုံးမှာ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ဖို့ တင်သွင်းထားတာဖြစ်ပါတယ်။

ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေလိုပဲ ၄၅ ဦးပါ ပူးပေါင်းကော်မတီဖွဲ့စည်းတဲ့အပေါ် ဝေဖန်ကန့်ကွက်ခဲ့ပြီး ဒီအစီရင်ခံစာမှာတော့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ရွေးကောက်တင်မြှောက်ခြင်း ကဏ္ဍတွေအတွက် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ဖို့ အချက် ၁၀ ချက် တင်သွင်းထားတာပါ။

အဲဒီ အချက် ၁၀ ချက်ကလွဲပြီး ကျန်တာတွေကို ကန့်ကွက်သွားမယ်လို့ ကြံံ့ခိုင်ရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းက မနေ့က RFA ကို ပြောထားပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးသောင်းအေး က သူတို့ လက်မခံတဲ့ အချက်တွေထဲက ပုဒ်မ ၅၉(စ) ကို ပြင်ဆင်ဖို့ မသင့်ဘူးလို့ ပြောခဲ့ပါတယ်။

၄၅ ဦးပါ ကော်မတီက တင်သွင်းထားတဲ့ အစီရင်ခံစာထဲမှာ အခန်း ၅ ဖြစ်တဲ့ အုပ်ချုပ်ရေးကဏ္ဍ က ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့်စွက်ဖို့ အချက် ၁၂၀၀ ကျော်နဲ့ အကြံပြုချက်အများဆုံး တင်သွင်းခံထားရတာဖြစ်ပါတယ်။

ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ပါဝင်ဆွေးနွေးမယ့် ကိုယ်စားလှယ်တွေဟာ လာမယ့် ဇူလိုင် ၂၄ ရက်နေ့မှာ ဆွေးနွေးဖို့ အမည်စာရင်းပေးရမှာ ဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။