ဒု ကာကွယ်ရေးဦးစီးချုပ်သစ် အဖြစ် ဗိုလ်ချုပ်စိုးဝင်းကို ရွေးချယ်
2011.03.28

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တာဝန်ယူထားတဲ့ ကာကွယ်ရေး ဦးစီးချုပ် တာဝန်ကို စစ်တက္ကသိုလ် အပတ်စဉ် ၁၉ ဆင်း ဒု-ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို လွှဲအပ်ဖို့ လျာထားတဲ့သတင်းကို RFA ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။
အခု ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး တာဝန်ယူလာခဲ့တဲ့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်နေရာကို လျာထားခံရတဲ့ ဗိုလ်ချုပ် စိုးဝင်းဟာ စစ်တက္ကသိုလ်အပတ်စဉ် ၂၂ ဆင်း ဖြစ်ပါတယ်။
သူဟာ လက်ရှိ အထူးစစ်ဆင်ရေးအဖွဲ့ (၆) အဖွဲ့မှူး တာဝန်ယူထားသူဖြစ်ပြီး၊ ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ မတိုင်ခင်အထိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူလာခဲ့သူ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ရာထူးသစ်အတွက် ဗိုလ်ချုပ် စိုးဝင်းနဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် လှဌေးဝင်းတို့ နှစ်ဦးထဲက တဦးကို ရွေးချယ် ပေးအပ်ဖို့ မူလကတည်းက ရည်ရွယ်ထားတာ ဖြစ်တယ်လို့ မြန်မာ့စစ်ရေး နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇော က ပြောပါတယ်။
“သူ့နာမယ်တော့ စောစောတုန်းက အစောဆုံး ထွက်လာတာ သူ့နာမယ်ပဲ ဒု-ချုပ်အနေနဲ့။ နောက် ကိုမင်းအောင်လှိုင် တပ်ချုပ် ဖြစ်တယ်ဆိုတာ ထွက်လာတယ်။”
ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ကာကွယ်ရေး ဦးစီးချုပ်ရာထူးအတွက် ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို မရွေးချယ်ပဲ သူ့ထက် စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ်စဉ် နောက်ကျတဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို လျာထားလိုက်တဲ့အတွက် မကျေလည်မှုတွေ ပေါ်ပေါက်ခဲ့ပြီး၊ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို နေအိမ် အကျယ်ချုပ် ချထားလိုက်တယ်လို့ မကြာခင်က သတင်းတွေ ပေါ်ထွက်ခဲ့ပါတယ်။
လောလောဆယ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့သစ်ကို တရားဝင် အာဏာလွှဲပြောင်းမဲ့ နေ့ရက်ကို အခါပေးဆရာတွေနဲ့ တိုင်ပင်ပြီး ချီတုံချတုံ စဉ်းစားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ နေပြည်တော်က နောက်ဆုံးရရှိတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ အာဏာလွှဲပြောင်းပွဲကို ဧပြီလ ၁ ရက်နေ့ မတိုင်ခင် အခု ရက်ပိုင်းအတွင်း ကျင်းပမှာ ဖြစ်တယ်လို့ ဆိုပါတယ်။