စစ်ကောင်စီကို ဆက်သွယ်ရေးပစ္စည်း ရောင်းချမှုနဲ့ ဂျာမန်ကုမ္ပဏီ စုံစမ်းစစ်ဆေးခံရ

RFA Burmese
2023.10.20
စစ်ကောင်စီကို ဆက်သွယ်ရေးပစ္စည်း ရောင်းချမှုနဲ့ ဂျာမန်ကုမ္ပဏီ စုံစမ်းစစ်ဆေးခံရ ရန်ကုန်မြို့၊ ဗဟိုဘဏ်‌ရှေ့တွင် စောင့်ကြပ်နေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့က တွေ့ရစဉ်။
AFP

မြန်မာစစ်တပ်ကို ဆယ်သွယ်ရေးပစ္စည်းတွေ ရောင်းချပေးခဲ့တဲ့ ဂျာမနီ ဂြိုလ်တု ဆက်သွယ်ရေးကုမ္ပဏီ ND SatCom GmbH ကို ဂျာမနီအစိုးရရှေ့နေရုံးက ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးနေတာကို ကြိုဆိုကြောင်း Justice For Myanmar အဖွဲ့က အောက်တိုဘာ ၁၈ ရက်နေ့က ထုတ်ပြန်ပါတယ်။

စုံစမ်းစစ်ဆေးမှုကို Justice For Myanmar က ပေးအပ်ခဲ့တဲ့ သုတေသနနဲ့ အထောက်အထားတွေကို အခြေခံပြီး German Solidarity with Myanmar Democracy e. V အဖွဲ့နဲ့ တရားလွှတ်တော်ရှေ့နေ Holger Rothbauer တို့ရဲ့ တိုင်ကြားမှုကြောင့် စတင်ခဲ့တာလို့ဆိုပါတယ်။

၂၀၁၆ ခုနှစ်ကစတင်ပြီး ND SatCom ဟာ စစ်ကောင်စီရဲ့ မိတ္ထီလာ ဌာနချုပ်စခန်း၊ အချက်ပြထုတ်လွှင့်ရေးဌာန၊ လက်ကိုင် ရေဒီယိုဖုန်းစနစ်တွေအတွက် အသုံးပြုတဲ့ 5G ဂြိုတ်တုဆက်သွယ်ရေး စက်ပစ္စည်းနဲ့ နည်းပညာ အပါအဝင် စစ်ကောင်စီရဲ့ ဂြိုလ်တု ဆက်သွယ်ရေးစနစ်အတွက် အရေးပါတဲ့ ပံ့ပိုးကူညီမှုတွေ ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှာလည်း ND SatCom ဟာ ဗီယက်နမ်နိုင်ငံကတစ်ဆင့် စစ်ကောင်စီထံ စက်ပစ္စည်းတွေ ပေးပို့ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီစက်ပစ္စည်းတွေကို မြန်မာပုဂ္ဂလိကကုမ္ပဏီ Terabit Wave Company Limited နဲ့ ဗီယက်နမ်ကုမ္ပဏီ OSB Investment and Technology JSC တို့က စစ်ကောင်စီအတွက် ကြားခံပွဲစားလုပ်ပြီး ပူးပေါင်းဝယ်ယူပေးခဲ့တာလို့ Justice For Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီကုမ္ပဏီနှစ်ခုဟာ မြန်မာနိုင်ငံမှာလည်း Com & Com Company Limited ကုမ္ပဏီကို ဖက်စပ်လုပ်ကိုင်နေပြီး ND SatCom စက်ပစ္စည်းတွေ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း အပါအဝင် စစ်ဘက်၊ အရပ်ဘက် ဂြိုလ်တုဝန်ဆောင်မှုတွေ ပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။

ဂျာမနီအစိုးရက ND SatCom ကို ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှု စတင်နေတာကို ကြိုဆိုပြီး အမြန်ဆုံး အရေးယူဆောင်ရွက်ဖို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က တိုက်တွန်းတောင်းဆိုကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

Justice For Myanmar (JFM ) အဖွဲ့ဟာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စောင့်ကြည့် မှတ်တမ်းတင်နေတဲ့အဖွဲ့ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။