၃၅ တန် ကျောက်စိမ်း အရိုင်းတုံးကြီးအတွက် လုံခြုံရေးတင်းကြပ်


2014.02.19
jade_trader_305px.jpg ရန်ကုန်မှာကျင်းပခဲ့တဲ့ ကျောက်စိမ်းလေလံပွဲတစ်ခု တွင် ကျောက်စိမ်းအရိုင်းတုန်းကို ကြည့်ရှုနေသော ကုန်သည်တစ်ဦးကိုတွေ့ရစဉ်
(Photo: AFP)

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆိမ်မူကျေးရွာအုပ်စု ဝှေခါ-မှော်သစ်ကုန်းနား က ကျောက်စိမ်းမှော်လုပ်ကွက်မှာ ခန့်မှန်း တွက်ချက်မှုအရ အလေးချိန် ၃၅ တန်လောက် ရှိတဲ့ ကျောက်စိမ်းအရိုင်းတုံး တစ်တုံးကို တွေ့ရှိခဲ့ တာကြောင့် အဲဒီတဝိုက်မှာ စစ်တပ်လုံခြုံရေး တင်းကြပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီ ကျောက်စိမ်းတုံးတွေ့ရှိတဲ့နေရာကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ ဖားကန့်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအင်ဖရောင်ဂမ်က RFA ကို အခုလိုပြောပါတယ်။

"ကျနော်တို့ကြည့်တဲ့ ၈ ရက်နေ့မှာတော့ ခန့်မှန်းတာ ၃၅ တန်ပေါ့လေ၊ မြေပေါ်မှာ တစ်ပိုင်းပဲပေါ်နေသေးတယ်၊ အောက်ဖက်ထပ် တူးတော့ ထပ်တိုးလာမယ့် အခြေအနေရှိတယ်၊ ဘယ်လောက်တိုးလာမလဲဆိုတာ မသိသေးဘူး၊ လောလောဆယ် နိုင်ငံတော်က အကောင်းဆုံးလုပ်ဖို့အတွက် စီစဉ်မှာပဲဖြစ်ပါတယ်"

အဲ့ဒီကျောက်စိမ်းထွက်ရှိတဲ့နေရာဟာ မြစိမ်းရောင်ခြယ် ကျောက်စိမ်းကုမ္ပဏီ လုပ်ကွက်ထဲမှာလို့ ပြောဆိုမှုတွေရှိနေပေမဲ့ လောလောဆယ်စိစစ်နေဆဲလို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ပြောပါတယ်။

အခုတွေ့ရှိတာဟာ မြေပြင်မှာ ပေါ်နေတဲ့အပိုင်းသာဖြစ်ပြီး အစိုးရက ဆက်လက်တူးဖေါ်နေဆဲလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၄ ရက်က အဲဒီအနီးတဝိုက်မှာ တစ်နိုင်တစ်ပိုင် ရေမဆေးကျောက်ရှာဖွေသူ ၈ ဦးက စတင်တွေ့ရှိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။