အဋ္ဌမတန်းသင်ရိုးမှာ “လက်ဆောင်” ကဗျာ ပြန်ထည့်ဖို့ တောင်းဆို


2019.06.09
present-poem-622.jpg အဋ္ဌမတန်း မြန်မာစာသင်ရိုးညွှန်းတမ်းကနေ ပယ်ဖျက်ထားတဲ့ မယ်ခွေရဲ့ "လက်ဆောင်"ကဗျာကို တွေ့ရစဉ်
.

အဋ္ဌမတန်းဖတ်စာအုပ်မှာ ကျောင်းသားတွေလက်ထဲ ရောက်နေပြီဖြစ်တဲ့အတွက် ပယ်ဖျက်ထားတဲ့ မယ်ခွေရဲ့ လက်ဆောင်ဆိုတဲ့ ကဗျာကို သင်ရိုးမှာ ပြန်ထည့်ဖို့ မဖြစ်နိုင်ကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။

လက်ဆောင်ကဗျာကို ပြန်ထည့်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ဒီနေ့ တောင်းဆိုလိုက် တာနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနရဲ့ သဘောထားကို RFA က ဆက်သွယ်မေးမြန်းရာမှာ ပညာရေးဝန်ကြီး ဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားလိုက်တာဖြစ်ပါတယ်။

ဒီနှစ်မှာတော့ ပြန်ထည့်ဖို့ မဖြစ်နိုင်ပေမယ့် နောက်ထပ် သင်ရိုးအသစ် ရေးဆွဲတဲ့ အချိန်မှာတော့ ဒီကဗျာ ပြန်ပါ လာနိုင်ပြီး ပြန်ထည့်ခြင်း၊ မထည့်ခြင်းဟာ ပညာရေးဝန်ကြီးဌာနနဲ့ တိုက်ရိုက်မသက်ဆိုင်ဘဲ ဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းရေးဆွဲတဲ့ ကော်မတီအဖွဲ့ရဲ့ သဘောထားသာဖြစ်တယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။

အဋ္ဌမတန်း မြန်မာစာမှာ ထည့်သွင်းထားတဲ့ မယ်ခွေရဲ့ လက်ဆောင် ဆိုတဲ့ကဗျာကို သင်ရိုးကနေ ပယ်ဖျက်လိုက် တာကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ပြန်လည်ထည့်သွင်းပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမ များအဖွဲ့ချုပ်က သဘောထားကြေညာချက်တစ်စောင် ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

အဋ္ဌမတန်းမှာ သင်ကြားနေတဲ့ မယ်ခွေရဲ့ လက်ဆောင် ကဗျာကို သေချာသုတေသန ကောက်ယူထားတာမျိုး မဟုတ်တဲ့ ဆေးလိပ်သောက်စေချင်တဲ့စိတ် ဖြစ်ပေါ်စေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖြုတ်လိုက်တဲ့အပေါ် ကန့်ကွက် ရတာဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး၊  ရန်ကုန်အနောက်ပိုင်း တက္ကသိုလ် ကထိက ဒေါက်တာ ဇော်မျိုးလှိုင်က RFA ကို ပြောပါတယ်။

သဘောထားကြေညာချက်မှာ အဋ္ဌမတန်းသင်ရိုးမှာ ပြဌာန်းထားတဲ့ မယ်ခွေရဲ့ လက်ဆောင် ကဗျာဟာ ဆေးလိပ်သောက်တာကို အားပေးတယ်လို့ မှတ်ယူပြီး သင်ရိုးမှ ပယ်ဖျက်ခဲ့တဲ့အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများ အဖွဲ့ချုပ်အနေနဲ့ စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြထားပြီး ဒီကဗျာကို သင်ရိုးကနေ ပယ်ဖျက်သူ၊ ပယ်ဖျက်ဖို့တိုက်တွန်းတဲ့ တာဝန်ရှိသူတွေကို အရေးယူပေးစေလိုကြောင်းလည်း ပညာရေးဝန်ကြီးဌာနကို တောင်းဆိုထားပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ မယ်ခွေရဲ့ လက်ဆောင် ကဗျာသာမက ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန တည်ရှိတဲ့ တောင်ငူမြက်ခင်းပြင်မှာ တက္ကသိုလ်ရဲ့ ပထမဆုံးမြန်မာစာဖခင် ဆရာကြီး ဦးဖေမောင်တင် ရုပ်တုထားရှိခွင့် မပေးတာ၊ တက္ကသိုလ် ပင်ရင်းမြန်မာစာကို ပယ်ဖျက်ဖို့ စီစဉ်နေတာ ကန့်ကွက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ဒ့ါအပြင် အထက်တန်းမှာ စိတ်ကြိုက်မြန်မာစာဘာသာရပ်ကို ပယ်ဖျက်ဖို့ ကြိုးစားနေတာတွေဟာ မိခင် မြန်မာစာ ဘာသာရပ်ကို ဖိနှိပ်မှုဆန်တဲ့ အပြုအမှုတွေဖြစ်တာကြောင့် အများပြည်သူတန်ဖိုးထားရတဲ့ မြန်မာဘာသာရပ်ကို ဖိနှိပ်တဲ့အပြုအမှုတွေ ဆက်လုပ်မယ်ဆိုရင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်အနေနဲ့ ပြင်းပြင်း ထန်ထန် တုံ့ပြန်သွားမယ်လို့ သဘောထားကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီသဘောထားကြေညာချက်နဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်ရဲ့ သဘောထားကြေညာချက်နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာမှတ်ချက်မပေးလိုကြောင်းနဲ့ ကျန်းမာရေးရှု့ထောင့်ကနေ ကန့်ကွက်တာမျိုးရှိတဲ့အတွက် အဲဒီကဗျာကို မြန်မာစာသင်ရိုးညွှန်းတမ်းရေးဆွဲတဲ့အဖွဲ့က သင်ရိုးကနေ ဖြုတ်ခဲ့တာဖြစ်ကြောင်းပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင်က ပေးပို့ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။