ဒုက္ခသည်တွေကို သိမ်း ထားမြေ ပြန်ပေးရေး ဆွေးနွေး
2016.06.08

စစ်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ မြေနေရာတွေ သိမ်းယူခံရတာတွေ ကို ပြန်လည်ပေးအပ်ဖို့ လိုအပ်ကြောင်း စစ်ဘေးဒုက္ခသည်အရေးကူညီပေးနေတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ က ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို့ Summit park view ဟိုတယ်မှာကျင်းပတဲ့ ဆွေးနွေးပွဲမှာ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသူတွေ မြေယာပြန်လည်ရရှိရေး ဆွေးနွေးပွဲမှာ ကရင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လူမှုကွန်ရက်က ကိုအဲလက်စ် က ပြောပါတယ်။
"ပြည်တွင်းစစ်ပုန်းရှောင်နေတဲ့သူနဲ့ ပြည်ပနိုင်ငံကို ရောက်သွားတဲ့ ဒုက္ခသည်တွေအတွက် သူတို့ လှစ်ဟာသွားတဲ့မြေတွေဟာ သူများဝင်ပြီး သိမ်းနေတာလည်းရှိတယ်၊ စစ်တပ်တွေသိမ်းတယ်၊ စီးပွားရေးသမားတွေလည်း ဝင်လာခဲ့တယ်၊ ဒီနေရာတွေကို သိမ်းထားတယ်၊ ဒီနေရာကို သူတို့ပြန် လာရင်ယူနိုင်ပါ့မလား၊ ဒါကိုဘယ်လို စီစဉ်ပေးမလဲ၊ ဒီဟာတွေက ဒုက္ခသည်အရေး ဆွေးနွေးတဲ့အချိန်မှာ လုံးဝဆွေးနွေးရပါလိမ့်မယ်၊ ထားခဲ့လို့မရဘူး"
ကရင်၊ မွန်၊ ကရင်နီ စတဲ့ ဒေသတွေမှာ စစ်ပွဲတွေကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးလာကြရတဲ့ ဒုက္ခသည် တစ်သိန်းကျော်ရှိပြီး လက်ရှိ ကချင်ပြည်နယ်မှာ နှစ်သောင်း ကျော်လောက်ရှိနေတယ်လို့ ပြောပါတယ်။
အရင်က သူတို့ပိုင်တဲ့မြေပေါ်မှာ လုပ်ကိုင်စားသောက်နေကြပေမယ့် ပိုင်ဆိုင်ခွင့်အထောက်အထားတွေ မရှိကြဘဲ လက်ရှိ စီးပွားရေးလုပ်ငန်းရှင်တွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အစိုးရဌာနဆိုင်ရာတွေက သိမ်းယူထား တာတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။
စစ်ဘေးဒုက္ခသည်တွေဟာ သူတို့မြေယာပြန်လည်ပိုင်ဆိုင်နိုင်ဖို့အတွက် ဒေသခံ ရပ်ကွက်၊ ကျေးရွာနဲ့ မြို့နယ် အုပ်ချုပ်ရေးအဆင့်ဆင့်တို့ရဲ့ ထောက်ခံမှုတွေနဲ့ ပြန်လည်ရရှိဖို့ တင်ပြဆောင်ရွက်ဖို့လည်း ပြင်ဆင်နေပါတယ်။
ဆွေးနွေးပွဲကို ကချင်၊ ကယား၊ ကချင်နဲ့ ရှမ်းပြည်နယ်တို့က အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၅ ဖွဲ့တို့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ကရင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လူမှုကွန်ရက်က ကိုအဲလက်စ် ကို RFA သတင်းထောက် ကိုကျော်သူ က တွေ့ဆုံမေးမြန်းထားပါတယ်။