ဖားကန့် ဒုက္ခသည်တွေ ဘုန်း ကြီးကျောင်းနဲ့ ဘုရားကျောင်းတွေ မှာ ခိုလှုံနေ


2016.08.09
gold-mine-620.jpg ကချင်ပြည်နယ်က ရွှေတူးဖော်တဲ့ လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Photo: Myo Zaw Ko/RFA

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှဒူးဇွပ်ကျေးရွာအနီးတဝိုက်မှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေ တပ်တွေ အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူဦးရေ တစ်ထောင်လောက်ဟာ ရှဒူးဇွပ်ကျေးရွာက ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဘုရားကျောင်းတွေမှာ ခိုလှုံနေကြပါတယ်။

ဝါရာဇွပ်ကျေးရွာ အုပ်ချုပ်ရေးမှူးက ဦးဆောင်ပြီး ရွှေတွင်းတွေဘက်ကနေ ထွက်ပြေးလာကြသူတွေကို ယာယီ ဒုက္ခသည်စခန်းတွေမှာ နေရာချထားပေးတယ်လို့ ဖားကန့်မြို့နယ်အုပ်ချုပ်ရေးရုံး ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

"ပိတ်မိတဲ့သူတွေအားလုံး ဒီကိုရောက်လာတော့ ဘုန်းတော်ကြီးကျောင်းမှာရော၊ ဘုရားကျောင်းတွေ မှာရော လောလောဆယ်နေရပ်ကို မပြန်နိုင်တဲ့သူတွေ ယာယီနားခိုရတာပေါ့၊  ကျေးရွာအုပ်ချုပ်ရေးမှူး ရှိတယ်၊ သူ့ကိုဒုက္ခသည်တွေကို ယာယီစခန်းဖွင့်ဖို့ပြောထားလို့ သူတို့ကအဲ့လိုစီစဉ်ပေးတာ"

ဇူလိုင်လကုန်လောက်က ရှဒူးဇွပ်ကျေးရွာတဝိုက်မှာ တရားမဝင်ရွှေတူးဖော်သူတွေကို အစိုးရတပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေချိန်မှာ ကေအိုင်အေနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ရှဒူးဇွပ်ကျေးရွာ အနောက်ဘက်က တရားမဝင်ရွှေတွင်းတွေရှိတဲ့ ချောင်းဆုံ၊ ကိုင်းတော၊ သုံးဆယ် စတဲ့ မှော် ရွာတွေဘက်မှာ မြန်မာနိုင်ငံဒေသအသီးသီးကနေ လာရောက်ပြီး ရွှေတူးကြသူ၊ ဈေးရောင်းသူတွေဟာ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြတာဖြစ်ပါတယ်။

အဲ့ဒီဒုက္ခသည်တွေထဲကတချို့ကို နေရပ်ပြန်နိုင်ရေးအတွက် မော်တော်ယာဉ် ၈ စီးနဲ့ မိုးကောင်းမြို့ မီးရထား ဘူတာရုံကို သွားရောက်ပို့ဆောင်ပေးခဲ့ပြီး ကျန်တဲ့အယောက် တစ်ထောင်လောက်ဟာ ရှဒူးဇွပ်ရွာတစ်ဝိုက်မှာ ယာယီခိုလှုံနေကြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့ကစပြီး တရားမဝင်ရွှေတူးဖော်သူတွေကို တပ်မတော်က နယ်မြေရှင်းလင်းချိန်မှာ တရုတ်နိုင်ငံသား ၁၆ ယောက်နဲ့ ရွှေတူးဖော်ရာမှာ အသုံးပြုတဲ့စက်ယန္တရားတွေကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းမိထားတဲ့ တရုတ်နိုင်ငံသားတွေထဲက ပြည်ဝင်ခွင့်လက်မှတ်ရှိသူတွေကို သတ္ထုတွင်းပုဒ်မနဲ့ တရားစွဲမှာဖြစ် သလို ပြည်ဝင်ခွင့်လက်မှတ်မရှိသူတွေကို လဝကဥပဒေ၊ သတ္ထုတွင်း ပုဒ်မတွေနဲ့ တရားစွဲဆိုမှာဖြစ်တယ်လို့ ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဋ္ဌာန ညွှန်ကြားရေးမှူးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။