လုပ်အားခသိန်းတစ်ရာကျော် မပေးတဲ့ လုပ်ငန်းရှင်ကို အလုပ်သမားတွေ ဆန္ဒပြ


2019.07.30
gold-luck-water-park-622.jpg လုပ်အားခပေးဖို့ Gold Luck Water Park အလုပ်သမားတွေ လားရှိုးမြို့တော်ခန်းမရှေ့မှာ ၂၀၁၉ ဇူလိုင် ၃၀ ရက်နေ့က ဆန္ဒပြစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ Gold Luck Water Park လုပ်ငန်းရှင်က လုပ်အားခ မပေးလို့ဆိုပြီး အလုပ်သမား ၁၀ ဦးလောက်က လားရှိုးမြို့တော်ခန်းမရှေ့မှာ ဒီကနေ့မနက်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြအလုပ်သမားတွေဟာ ၂၀၁၈ ခုနစ် အောက်တိုဘာလ က ရေပန်းဥယျာဉ်ကစားကွင်း ဆေးသုတ်ဖို့အတွက် အလုပ်ရှင်နဲ့ စာချုပ်ချုပ်ဆို လုပ်ကိုင်ခဲ့ကြပေမယ့် စာချုပ်ထဲမှာ မပါတာတွေကိုလည်း လုပ်ကိုင်ပေးခဲ့ရတယ်လို့ ပြောပါတယ်။

အဲဒီအတွက် လုပ်အားခငွေကျပ် ၁၃၄ သိန်း ရရှိဖို့ ကျန်နေတယ်လို့ အလုပ်သမားခေါင်းဆောင် ကိုယောဟန် က ပြောပါတယ်။ ဒီဆေးသုတ်လုပ်ငန်းမှာ အလုပ်သမား ၁၅ ယောက် ပါဝင်ပြီး ကျန်ရှိတဲ့ လုပ်အားခ ကျပ် ၁၃၄ သိန်းကို ခွဲဝေယူရမှာဖြစ်တယ်လို့ ဆိုပါတယ်။

အလုပ်ရှင် ဦးရဲနိုင်ကတော့ ဒီဆေးသုတ်လုပ်ငန်းအတွက် ကန်ထရိုက်စနစ်နဲ့ စာချုပ်ချုပ်ဆိုငှားရမ်းခဲ့တာဖြစ်ကြောင်း၊ သူ့အနေနဲ့ ဒီလုပ်ငန်းအတွက် ငွေကြေးအားလုံး ရှင်းလင်းပြီးဖြစ်ကြောင်း၊ အလုပ်သမားတွေဘက်က မကျေနပ်ရင် တရားရုံးတွေ၊ အလုပ်သမားရုံးတွေကို တိုင်ကြားနိုင်ကြောင်း၊ သူ့အနေနဲ့ ရှင်းလင်းဖို့ အသင့်ဖြစ်ကြောင်း ပြောပါတယ်။

အလုပ်သမားတွေဘက်ကတော့ ကျန်ရှိတဲ့ လုပ်အားခ ရရှိဖို့အတွက် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ညှိနှိုင်းဖြန်ဖြေရေးကော်မတီထံ တိုင်ကြားထားပါတယ်။

(RFA သတင်းထောက် ကိုကံသာ ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။