အစိုးရက စုံစမ်းစစ်ဆေးနေတဲ့အတွက် ရန်ကုန် ရွှေဈေးကွက် မဖွင့်နိုင်


2018.09.25
gold-622.jpg ရွှေတုံးတွေကို တွေ့ရစဉ်
.

ရွှေနဲ့ ဒေါ်လာတွေကို ကြိုရောင်းကြိုဝယ် လေပတ်ကား ရောင်းဝယ်သူတွေကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ခေါ်ယူစစ်ဆေးစုံစမ်းမှု ပြုလုပ်ပြီးနောက် ရန်ကုန်မြို့ ရွှေဘုံသာလမ်းမှာ ဒေါ်လာအရောင်းအဝယ် မရှိသလောက် နည်းနေသလို ဒီနေ့ ရွှေဈေးကွက် အရောင်းအဝယ်မဖွင့်သေးတဲ့အတွက် ဈေးနှုန်းမသိရဘူးလို့ မြန်မာနိုင်ငံ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးထုံ က ပြောပါတယ်။


ပြီးခဲ့တဲ့ ရက်ပိုင်းက ရွှေဈေးနှုန်း အလွန်မြင့်မားခဲ့တဲ့အတွက် ဒီနေ့မှာ အရောင်းအဝယ်မရှိသလောက် နည်းတယ်လို့ မြန်မာနိုင်ငံ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးထုံ က သတင်းထောက်တွေကို အခုလို ပြောပါတယ်။

"ဦး သိသလောက်ကတော့ အရောင်းအဝယ် မတည့်တဲ့ဈေး မရောက်မချင်း ရွှေဈေးက မထွက်သေးဘူးပေါ့နော်၊ တည့်တဲ့ အထိစောင့်ရမှာပဲ၊ တကယ်လို့ အခုတည့်သွားလည်း အခုရွှေဈေးထွက်မယ် ဒီနေ့က ဝယ်တဲ့သူလည်း မရှိသေးဘူး၊ ရောင်းတဲ့သူလည်း မရောင်းသေးဘူးဆိုတဲ့ အနေအထားမျိုးဖြစ်နေတဲ့အတွက် ရပ်နေတဲ့ သဘောဖြစ်နေတယ်ပေါ့နော်၊ တည့်သွားရင်တော့ သူ့ဟာသူ ဈေးက ဖွင့်သွားမှာပါ၊ အရောင်းအဝယ်လည်း မကောင်းပါဘူး၊ ဆိုင်တွေ အန်ကယ့်ဆိုင် တစ်ဆိုင်တည်း မဟုတ်ဘူး၊ ကျန်တဲ့ဆိုင်တွေလည်း အရောင်း အဝယ်အေးကြပါတယ်၊ ဒီလောက်ရွှေဈေးမြင့်နေမှတော့ တကယ့်တကယ် ဝယ်စုတဲ့သူတောင်မှ သူတို့ တော်တော် စဉ်းစားစရာဖြစ်သွားတယ်နော်၊ ကြိုရောင်းကြိုဝယ်လုပ်နေတဲ့သူတွေ မီတာပေးပြီး ဝယ်နေတဲ့ ဟာတွေ မလုပ်ရင် ဈေးကိုပိုပြီးတော့ တည်ငြိမ်စေတယ်ပေါ့၊ အဓိကက ခုနက အန်ကယ်ပြောသလို ကြိုရောင်း ကြိုဝယ်ပေါ့နော်၊ Deposit မရှိဘူး၊ မရှိပဲနဲ့ ဘယ်လောက်ဝယ်မယ် ဘယ်ဈေးနဲ့ဝယ်မယ် အဲလိုမျိုးဝယ်တာ လေးတွေတော့ ရှိကောင်းရှိမယ်ပေါ့နော်၊ အဲဒါက ဈေးအတက်အကျ ဖြစ်စေတယ်ပေါ့၊ ဒီအတွက်ကို အန်ကယ် တို့က မလုပ်ပါနဲ့လို့ မေတ္တာရပ်ခံနေတာပါ။"

ရွှေနဲ့ ဒေါ်လာဈေး အရောင်းအဝယ်ဈေးကွက်တခုဖြစ်တဲ့ ရန်ကုန်မြို့ ရွှေဘုံသာလမ်း(ခေါ်) မဂိုလမ်းက စုမွန်အေး ရွှေဆိုင်ကိုလည်း မနေ့က လာရောက် ဖမ်းဆီးသွားတဲ့အတွက် ဒီကနေ့မှာ ဆိုင်ပိတ်ထားတာကို တွေ့ခဲ့ရပြီး အနီးအနားပတ်ဝန်းကျင်ကလည်း ဖမ်းဆီးသွားတာနဲ့ ပတ်သက်ပြီး အတည်ပြု ပြောပါတယ်။

ရွှေဈေးကွက်မှာ ရွှေပိဿာလိုက် ဝယ်ယူမှုတွေ ရှိနေသလို ဒေါ်လာသန်းချီပြီး ဝယ်ယူနေသူတွေလည်းရှိတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက လိုက်လံဖမ်းဆီး စစ်ဆေးမှုတွေ ပြုလုပ်နေပြီး တချို့လုပ်ငန်းရှင်တွေက ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

နေ့စဉ် မနက် ၁၀ နာရီမှာ အရောင်းအဝယ် စတင်တဲ့ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းရုံးမှာလည်း ရွှေဈေးကွက် ရောင်းဝယ်မှုမရှိတဲ့အတွက် ဘာအလုပ်မှမရှိကြောင်း ပြောသလို ဒေါ်လာ အရောင်းအဝယ် ပြုလုပ်လေ့ရှိတဲ့ မဟာဗန္ဓုလပန်းခြံအနီးက ရန်ကုန်စတော့အိပ်ချိန်းရုံး အနီးနားမှာလည်း ဒေါ်လာရောင်းဝယ်သူမရှိဘဲ လုံခြုံရေး ရဲဝန်ထမ်းအမြောက်အမြားသာ တွေ့ခဲ့ရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။