ရွှေကျင်က ရွှေထွက်ရှိတဲ့နေရာကို တိုင်းအစိုးရ စီမံခန့်ခွဲခွင့် ရအောင် ဆောင်ရွက်ပေးဖို့ တင်ပြ
2017.03.13

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်မှာရှိတဲ့ KNU ထိန်းချုပ်နယ်မြေအတွင်းက ရွှေထွက်ရှိတယ်ဆိုတဲ့ နေရာကို တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံခန့်ခွဲလို့ရအောင် ညွှန်ကြားပေးဖို့ ပြည်ထောင်စုအစိုးရထံ တင်ပြထားတယ်လို့ တိုင်းဒေသကြီး ဝန်ကြီး ဦးကျော်မင်းဇံ က ပြောပါတယ်။
အဲဒီနေရာနဲ့ ပတ်သက်ပြီး ဥပဒေလုပ်ထုံး၊ လုပ်နည်းတွေလုပ်ပေးဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြထားတယ် လို့ ပဲခူးတိုင်းဒေသကြီး၊ သယံဇာတ၊ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းဇံ က ပြောပါတယ်။
"ရွှေကျင်မှာပဲပေါ့နော်၊ ဒီ KNU ထိန်းချုပ်တဲ့ ဧရိယာအတွင်းလို့ကြားထားတယ်၊ ဖွဲ့စည်းပုံမှာ အလတ်စားနဲ့ အသေးစား ရွှေ၊ သတ္တုလုပ်ကွက်တွေ၊ အဲဒါတွေ အတွက်ဆိုရင်တဲ့ ပြည်ထောင်စုကနေ ဥပဒေပြဌာန်းပြီးတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲမှုရအောင်ပေါ့နော်၊ အဲ့လိုလုပ်ပေးရမယ် ဆိုပြီးတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ နောက်ဆက်တွဲပြဌာန်းချက်မှာရှိတယ်၊ ကျနော်တို့က အဲဒါပြည်ထောင်စုကိုလည်း တင်ပြထားတယ်ပေါ့၊ ဥပဒေလုပ်ထုံး၊ လုပ်နည်းတွေ လုပ်ပေးပါ၊ လုပ်ပေးမှ ကျနော်တို့က စီမံခန့်ခွဲလို့ရမယ်ပေါ့နော်။"
လက်ရှိ အဲဒီဒေသကို KNU တပ်မဟာ ၃ နဲ့ တပ်မတော် ခလရ ၅၈၉ တို့က ထိန်းသိမ်းထားတယ်လို့ ရွှေကျင် မဲဆန္ဒနယ်က တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်လှလှဝင်း က ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းလောက်က အဲဒီနေရာတစ်ဝိုက်ကို ဒေသခံတွေ သွားလာရင်း ရွှေကြော စတင်တွေ့ရှိပြီး တဖြည်းဖြည်းနဲ့ ရွှေကျင်သူတွေ များပြား လာတာကြောင့် ခိုက်ရန်တွေဖြစ်ပွားမှာ စိုးရိမ်တဲ့အတွက် အခုလို ထိန်းသိမ်းထားတာလို့လည်း ပြောပါတယ်။
အရင်ဆုံးသွားရောက်တူးဖော်ခဲ့တဲ့ ဒေသခံတချို့ဟာ တနေ့ကို ရွှေချိန်ပိဿာနဲ့ချီပြီး ရရှိခဲ့တယ်လို့ လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။