လုပ်ငန်း ပြန်လည်လုပ်ကိုင်ခွင့်ပြုဖို့ ရွှေလုပ်သားများ အသနားခံစာတင်
2012.07.04
၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ မြို့နယ် အာဏာပိုင်အဖွဲ့အစည်းရဲ့ ခွင့်ပြုချက်နဲ့ ဒေသခံ သုံးဦးနံမည်နဲ့ တစ်ဦးကို ၁ ဧကခွဲနှုန်းနဲ့ မြေနေရာ ၄ ဧကခွဲမှာ ရွှေတူးဖော်ခဲ့ကြတယ်လို့ ပြောပါတယ်။
ဒီလိုလုပ်နေရင်း လက်လုပ်လက်စားတွေကို ရွှေရှာခွင့် ပိတ်ပင်လိုက်တဲ့အတွက် မြစ်ငယ်မြို့က မိုးထိရွှေစင်ကုမ္ပဏီနဲ့ ဒေသခံတွေ စပ်တူ ရွှေတူးခွင့် လျှောက်ထားခဲ့တယ် ဆိုပါတယ်။
ခွင့်ပြုချက် မကျလို့ တနင်္လာနေ့က သွားရောက် စုံစမ်းတဲ့အခါ တခြားကုမ္ပဏီကို ချထားပေးလိုက်ပြီလို့ သိရတဲ့အတွက် အသနားခံစာ တင်ကြတာလို့ ဒေသခံရွှေလုပ်သား တစ်ဦးကပြောပါတယ်။
"မိုးထိရွှေစင် ကုမ္ပဏီဆိုပြီးတော့ ကျွန်တော်တို့ ဒေသခံတွေက မန္တလေးတိုင်း အစိုးရအဖွဲ့ကို လျှောက်တယ်ပေါ့။ ရဲထွဋ်ကျော် ကုမ္ပဏီပေါ့နော်။ ပိုင်ရှင်က ကယားပြည်နယ်က လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ်တင်လို့ ပြောတယ်။ နှစ်ဦး အပြိုင် လျှောက်ကြတာပေါ့။ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို လျှောက်တဲ့ အချိန်လည်း ကျွန်တော်တို့က စောတယ်။ ဘယ်သူမှလည်း မဝင်ဘူး။ ဒီတိုင်းပဲ နေတာပေါ့နော်။ လုပ်ငန်းကတော့ ဒီသတ္တုတွင်း ကနေပြီးတော့မှ တရားဝင် မကျသေးတော့ မလုပ်ပါနဲ့ ဆိုပြီးတော့ ကျွန်တော်တို့ကို နားခိုင်းထားတယ်ပေါ့။ တိုင်းအစိုးရ ဝန်ကြီးချုပ်ရုံးကို သွားတဲ့အခါကျတော့ ရဲထွဋ်ကျော်ကို ပေးလိုက်ပြီတဲ့၊ ပြီးခဲ့တဲ့ ကြာသပတေး အစည်းအဝေးကလို့ ပြောတယ်။ ဝန်ကြီးချုပ်ရဲ့ မှတ်ချက်ထဲမှာတော့ ကျွန်တော်တို့ မိုးထိရွှေစင်ကို မပေးဘူးပေါ့။ အဲလိုပြောတဲ့ အခါကျတော့ ရွှေလုပ်သားတွေရဲ့ မှတ်ပုံတင်နံပါတ်ရယ်၊ နာမည်ရယ်၊ လက်မှတ်ရေးထိုးပြီးတော့မှ ဝန်ကြီးချုပ်ရုံးကို အသနားခံစာ တင်ခိုင်းလိုက်တယ်"
ရွှေလုပ်သား ၃၇ ဦးက အသနားခံစာ တင်တာလို့ ဆိုပါတယ်။ ဒေသခံတွေမှာ ကိုယ်ပိုင်ကုမ္ပဏီ မရှိတဲ့အတွက် မိုးထိရွှေစင် ကုမ္ပဏီနံမည်နဲ့ လုပ်ကွက်ချထားပေးဖို့ လျှောက်ထားခဲ့တာ ဖြစ်ကြောင်း၊ ရရှိတဲ့ ရွှေပမာဏရဲ့ သုံးပုံတပုံကို ကုမ္ပဏီကို ရှယ်ယာခွဲဝေပေးမယ့် သဘောတူညီချက်လည်း ရှိကြောင်း ဒေသခံ ရွှေလုပ်သားတွေက ပြောပါတယ်။