မြန်မာ့ရွှေဈေး ၄၈ သိန်းအထိ မြင့်တက်လာ

RFA Burmese
2024.04.10
မြန်မာ့ရွှေဈေး ၄၈ သိန်းအထိ မြင့်တက်လာ ရန်ကုန်မြို့၊ မဟာဗန္ဓုလလမ်းမကြီးပေါ်ရှိ ရတနာရွှေဆိုင်များကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က တွေ့ရစဉ်။
RFA

ပြည်တွင်းအခေါက်ရွှေဈေးနှုန်းဟာ ဧပြီလ ၁၀ ရက် မနေ့က တစ်ကျပ်သားကို ငွေကျပ် ၄၈ သိန်းအထိ ဈေးမြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းလုပ်ကိုင်နေသူတွေက RFA ကို ပြောပါတယ်။

ဧပြီလ ၈ ရက်နေ့အထိ အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ် ၄၆ သိန်းဝန်းကျင်အထိရှိခဲ့လို့ နှစ်ရက်အတွင်း ကျပ်နှစ်သိန်းခန့် ဈေးတက်သွားတာလည်း ဖြစ်ပါတယ်။

ဒါဟာ အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း မြင့်တက်လာတာနဲ့အတူ ပြည်တွင်းအခေါက်ရွှေဈေးကွက်လည်း မတည်မငြိမ်ဖြစ်လာတာပါ။ ပြည်တွင်းမှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၃၉၁၀ အထိ ဈေးပေါက်နေပါတယ်။

တစ်ချိန်တည်းမှာပဲ ကမ္ဘာ့ရွှေဈေးနှုန်းကလည်း ဧပြီလ ၉ ရက်က တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၃၄၅ ရှိရာကနေ ဧပြီလ ၁၀ ရက်မှာ ၂၃၅၃ အထိ မြင့်တက်လာပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးကတော့ သင်္ကြန်ရက်နီးရင် ပုံမှန်ရွှေဈေးနှုန်း တွေတက်လေ့ရှိပေမယ့် အခုလို ဈေးတွေထိုးတက်တဲ့ အခြေအနေအထိ မကြုံဘူးတဲ့အကြောင်း RFA ကို ပြောပါတယ်။

“ပုံမှန်ဆိုရင် နှစ်တိုင်းက ဒီရက်တွေဆို ဈေးက တက်နေကျ၊ အခုက ရုတ်တရက်ကြီးဈေးတွေတက်သွားတာ။ တစ်ခါမှတော့ ဒီလို မကြုံဘူး။ တစ်ရက်တည်းနဲ့ တစ်သိန်းကျော်လောက် တက်သွားတာ”

နောက်ထပ် ရွှေလုပ်ငန်းရှင်တစ်ဦးကလည်း လက်ရှိနိုင်ငံရေးအခြေအနေတွေအရ မြန်မာကျပ်ငွေကို လက်ထဲမထားတော့ဘဲ ရွှေဝယ်နေကြတာကြောင့် ဝယ်လိုအားများပြီး ဈေးတက်လာတာလို့ RFA ကို ပြောပါတယ်။

ဒေါ်လာနဲ့ ရွှေဈေးကစားသူတွေကို အရေးယူမယ်လို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က မတ်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ထားပေမယ့် လက်ရှိမှာတော့ ရွှေနဲ့ ဒေါ်လာဈေးတွေ ဆက်လက်မြင့်တက်နေဆဲ ဖြစ်ပါတယ်။

စစ်တပ်အာဏာမသိမ်းခင်က ရွှေတစ်ကျပ်သား ၁၃ သိန်းဝန်းကျင်နဲ့ တစ်ဒေါ်လာကို ၁၃၀၀ ကျပ် ဝန်းကျင်သာ ရှိခဲ့ပေမယ့် အာဏာသိမ်းသုံးနှစ်ကျော်အတွင်း ရွှေဈေးနှုန်း သုံးဆကျော်အထိ မြင့်တက်လာတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။