တစ်ရက်အတွင်း ရွှေဈေးနှစ်သိန်းကျော် ပြန်ကျ

မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၂၈ ရက် မနေ့ကအထိ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၂ သိန်းကျော်အထိ မြင့်တက်ခဲ့ပေမယ့် ဒီနေ့မှာတော့ ကျပ်နှစ်သိန်းကျော် ပြန်ကျသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်း ရှင်များအသင်း (YGEA) က ထုတ်ပြန်တဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့လည်း စက်တင်ဘာလအစကနေ လကုန်အထိ တစ်လအတွင်း အခေါက်ရွှေ တစ်ကျပ်သားကို သုံးသိန်း ကျော်အထိ မြင့်တက်နေဆဲဖြစ်ပြီး ကမ္ဘာ့ရွှေဈေးဟာ စက်တင်ဘာ ၁ ရက်မှာ တစ်အောင်စကို အမေရိကန် ဒေါ်လာ ၁၈၁၀ ကနေ စက်တင်ဘာ ၂၉ မှာတော့ ၁၇၄၀ အဖြစ်နဲ့ ဆက်ပြီးကျဆင်းနေပါတယ်။
မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းလာတာနဲ့အတူ ရွှေဈေးနှုန်း၊ နိုင်ငံခြားငွေဖြစ်တဲ့ အမေရိကန်ဒေါ်လာ ဈေးနှုန်း တွေဟာ အခုလထဲမှာ သိသိသာသာ မြင့်တက်နေတာကို တွေ့ရပါတယ်။
အခုလို မြင့်တက်နေတဲ့ ရွှေဈေးနှုန်းကို ထိန်းညှိဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က အသင်းဝင် ဆိုင်တွေကနေ တစ်နေ့ကို စုစုပေါင်း ရွှေပိသာချိန် ၂၀ အထိ နေ့တိုင်းထုတ်ရောင်းပေး သွားဖို့ကိုလည်း YGEA က စက်တင်ဘာလ ၂၈ ရက်နေ့က အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။