သပိတ်ကျင်းမှာ ရွှေတူးလို့ ရေရှား


2016.06.15
goldmines-620.jpg ရွှေတူးဖော်ရေး လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Photo: Myo Zaw Ko/RFA

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်က ဝက်သေကျေးရွာမှာ ရွှေတူးဖော်ရေးကုမ္ပဏီတွေက အနက်ပေ ၄၀၀ ကနေ ၅၀၀ အထိ စက်ယန္တရားတွေသုံးပြီး ရွှေတူးဖော်နေတဲ့အတွက် ဒေသခံ ၃ထောင်လောက် သောက်သုံးရေရှားပါးမှုနဲ့ ရင်ဆိုင်နေကြရပါတယ်။

ရွှေတူးဖော်ရေးကုမ္ပဏီတွေက ဒေသခံတွေကို သောက်သုံးရေ ဖြန့်ဝေပေးနေပေမယ့် လောက်ငမှုမရှိသလို ရေတွေမှာ ယမ်းနံ့တွေပါဝင်နေတာကြောင့် သုံးစွဲဖို့ အခက်အခဲတွေရှိနေတယ်လို့ ဝက်သေကျေးရွာက ဒေသခံ ဦးမောင်ကြီး က ပြောပါတယ်။

“ဦးလေးတို့က တူးနိုင်လို့ရှိရင် ပေ ၁၅ဝ လောက်ပဲ တူးနိုင်တာလေ၊ သူတို့ကျတော့ ပေပေါင်း ၄၊ ၅၊ ၆ဝဝ အထိ တူးနိုင်တာလေ၊ ကုမ္ပဏီတွေက မြေပြန်ပေးတယ် အဲ့တာလည်း ၁ဝဝ လုံး အပြည့်ပေးနိုင်တာ မဟုတ်ဘူး၊ အိမ်ခြေ ၆ဝဝ ကျော်မှာ ၂ဝဝ ကျော်ကမရဘူး၊ ရွာထဲကိုပေးမယ်ဆိုတဲ့ မြေကလည်း အဲ့ဒီရွှေသတ္တု တူးဖော် ရှာဖွေနေတဲ့ကြားထဲကပဲ ထွက်လာတဲ့မြေတွေကိုပေးတာ၊ မသန့်ရှင်းဘူး၊ နောက်ပြီးအလုပ်သမားတွေ အပေ့ါ အလေးသွားတာကအစ ဒီအထဲမှာအကုန်ပါတာလေ၊ အနံ့တွေကလည်း ယမ်းနံ့တွေပေါ့”

သပိတ်ကျင်းမြို့နယ်၊ ဝက်သေကျေးရွာမှာ ထာဝရ၊ တို့ညီနောင်ဘွား၊ ရွှေပြည်သာစတဲ့ သတ္တုတူးဖော်ရေး ကုမ္ပဏီတွေ ရှိသလို ကောင်းခါးပြည်သူ့စစ်အဖွဲ့ရဲ့ ရွှေတူးဖော်ရေး လုပ်ငန်းလည်း ရှိနေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

ကောင်းခါးပြည်သူ့စစ်အဖွဲ့က ဝက်သေကျေးရွာအနီးမှာ ရေလှောင်ကန်တည်ဆောက်ထားတာကြောင့် ရေလှောင် ကန်ပြိုကျပြီး ကျေးရွာတွေ ရေလွှမ်း ခံရမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ဝက်သေကျေးရွာရဲ့ မြေဧကအကျယ်အဝန်းကို ၁၅၅ ဧကကျော်ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၁၁ ခုနှစ်က သတ်မှတ်ပေးခဲ့ပေမယ့် သတ္တုတူးဖော်ရေးကုမ္ပဏီတွေက ရွာမြေရဲ့ ဧက ၅၀ လောက်အထိမှာလည်း သတ္တုတူးဖော်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာမြေမှာ ရွှေတူးဖော်နေတဲ့ ကုမ္ပဏီတွေကို အရေးယူဆောင်ရွက်ပေးဖို့ ပြီးခဲ့တဲ့မေလဆန်းလောက်က မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ထံ ဒေသခံတွေက တိုင်ကြားစာပေးပို့ထားပါတယ်။

ဒါ့အပြင် ကုမ္ပဏီတွေကို ဖယ်ရှားပေးဖို့အတွက် ဒေသခံ ၆၀၀ ကျော်က လက်မှတ်တွေရေးထိုးပြီး သပိတ်ကျင်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဆီကတဆင့် လွှတ်တော်ထံ တင်ပြပေးဖို့ လည်း တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။