ဗန်းမော်ခရိုင် KIA တပ်စခန်း တချို့အစိုးရလေတပ်က ဗုံးကြဲ
2015.03.22

ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်းရှိ KIA တပ် စခန်းတွေကို အစိုးရတပ်တွေက မနေ့ကစပြီး ထိုးစစ်ဆင် လျှက်ရှိရာ ဒီကနေ့ တိုက်လေယာဉ်များနဲ့ ငါးကြိမ်ထက် မနည်းဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ KIO ပြောရေးဆိုခွင့် ရှိသူ ဦးလာနန်းက ပြောပါတယ်။
တိုက်ပွဲတွေဟာ KIA တပ်မဟာ ၃ နယ်မြေ မန်စီမြို့နယ် မဒန်ယန်နှင့်ကိုင်ထိတ်ကျေးရွာကြား၊ ဗန်းမော်-နမ့်ခမ်း လမ်းမကြီးအနီးမှာဖြစ်ပွားခဲ့တာဖြစ်ပြီး အစိုးရ တပ်တွေ က ထိုးစစ်ဆင်ဖို့ တပ်အင်အား စုဆောင်းနေတာကို ကြိုတင်သိရှိထားတယ်လို့ ဦးလာနန်းကပြောပါတယ်။ ဒီကနေ့ တိုက်ပွဲ အခြေအနေများကို ခုလိုပြောပြပါတယ်။
"၁၀ နာရီ ပတ်ဝန်းကျင်ကစပြီးတော့ ပစ်တယ်၊ နောက်ပိုင်း မွန်းလွဲပိုင်း ၃ နာရီပတ်ဝန်းကျင်မှာ ဖိုက်တာတစ်စင်းနဲ့ ပစ်ခတ်တယ်၊ ဗုံးကြဲတာတွေ လုပ်တယ်၊ ၄ နာရီကျော်ကျော်မှာလဲ ဗုံးကြဲတာတွေလုပ်တယ်၊ လေယာဉ်နဲ့ လာပစ်ခတ်တယ်ဆိုတာ မှန်ပါတယ်၊ ဒီကိစ္စကို အကောင်အထည်ဖော်ဖို့ကလည်း မတ်လ ၁၇၊ ၁၈ ရက်ကနေစပြီးတော့ စစ်ကြောင်းတွေ ကိုစုနေကြတယ်၊ မတ်လ ၂၁ ရက်ကစပြီးတော့ ထိုးစစ်ဆင်နေကြတယ်"
အခုတိုက်ပွဲဖြစ်ပွားတာဟာ အပစ်အခတ်ရပ်စဲရေးညိုနိုင်းနေတဲ့ အချိန်နဲ့တိုက်ဆိုင်နေပြီး အရင်ကလည်း ခုလိုဆွေးနွေး ပွဲ ပြုလုပ်ချိန်တိုင်းမှာအင်အားနည်းတဲ့ KIA တပ်စခန်းများ ဝင်အတိုက်ခံရပြီး ဆုံးရှုံးခဲ့ရဘူးတယ်လို့ ဦးလာနန်းကပြော ပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆွေးနွေးပွဲမှာတင်ပြထားတယ်လို့ ဆိုပါတယ်။
အစိုးရဘက်က ပြောတာက စစ်ကိုင်းတိုင်းဘက်ကနေ တရုတ်ပြည်ဘက်ကို သစ်မှောင်ခိုသယ်ထုတ်နေတာတွေကို တားစီးဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ KIA ကတော့ အခုဖြစ်ပွားတဲ့နယ်မြေဟာ သစ်မှောင်ခိုလမ်းများမရှိဘူးလို့ ဆိုပါတယ်။
KIO ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။