ပဋိပက္ခကြောင့် ကျောက်ဖြူစီမံကိန်း မထိခိုက်ကြောင်း အစိုးရအာမခံ
2013.09.10
ရခိုင်ပြည်နယ်က ဘာသာရေး ပဋိပက္ခတွေကြောင့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်စီမံကိန်း တစုံတရာ ထိခိုက်မှုရှိမှာမဟုတ်ကြောင်း အစိုးရကေြပာပါတယ်။
ဘဏ္ဍာရေးနဲ့ အခွန် ဒုတိယဝန်ကြီး၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီ ဒုဥက္ကဌ ဒေါက်တာမောင်မောင်သိန်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ မကြီးကျယ်ပါဘူး၊ မကျော်လွှားနိုင်တဲ့ ပြဿနာလည်း မဟုတ်ပါဘူး၊ အချိန်တန်ရင် ပြေပျောက်သွားမှာဖြစ်ပါတယ်၊ ပြီးတော့ ကျောက်ဖြူဒေသဟာ ဒီလိုပြဿနာမျိုးတွေ ကင်းပါတယ်လို့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်စီမံကိန်း ရင်းနှီးမြှုပ်နှံရေးဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။
Pacific Alphine Myanmar ကုမ္ပဏီ အမှုဆောင် ညွှန်ကြားရေးမှူး Edward Lee ကလည်း မိမိအနေနဲ့ ကျောက်ဖြူဒေသဟာ စိုးရိမ်စရာမရှိဘူးလို့ ထင်မြင်ခံစားမိပါတယ်၊ ကျွန်းလည်းဖြစ်တယ်၊ လူဦးရေလည်း မထူထပ်ဘူး၊ ပြဿနာက စစ်တွေမြောက်ပိုင်းမှာသာ ရှိနေတာပါ၊ ပြီးတော့လည်း အခြေအနေတွေက တည်ငြိမ်သွားပါပြီလို့ ပြောပါတယ်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်ဟာ နိုင်ငံအတွက် အရေးအကြီးဆုံး ရင်းနှီးမြှုပ်နှံမှုဇုန်တွေထဲက တစ်ခုဖြစ်တာကြောင့်၊ အစိုးရအနေနဲ့ ဇုန်လုံခြုံရေးကို အထိခံမှာမဟုတ်ကြောင်း၊ အစိုးရရဲ့ လုံခြုံရေးအာမခံချက်ဟာ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းမှာ နိုင်ငံခြားကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံလာအောင် တွန်းအားပေးလိုက်တာဖြစ်ကြောင်း Channel News Asia က ဖေါ်ပြပါတယ်။