အစိုးရက ထောက်ပံ့ကူညီမှု လိုအပ်သူစာရင်း စတင်ကောက်ယူ
2020.04.07
ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို စားသောက်ကုန် ငါးမျိုး ထောက်ပံ့ဖို့အတွက် သက်ဆိုင်ရာ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ ဒီနေ့ကစပြီး စာရင်းကောက်ယူနေပြီး ဧပြီ ၁၀ ရက်နေ့ကစလို့ ထောက်ပံ့မှုတွေ စတင်ပေး နိုင်ရေး စီစဉ်နေပါတယ်။
ဆိုက်ကားနင်းသူ၊ ခေါင်းရွက်ဈေးသည်၊ ပန်းရံ၊ လက်သမား၊ ကုန်ထမ်း စသဖြင့် ပုံမှန်ဝင်ငွေမရှိဘဲ ဝင်ငွေရပ်သွား နိုင်တဲ့သူတွေကို စာရင်းကောက်ဖို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတွေက ညွှန်ကြားထားတယ်လို့ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင် က ပြောပါတယ်။
"ခေါင်းရွက်ဗျက်ထိုးကစပြီး ဆိုက်ကားဆရာ နေ့စဉ်ဝင်ငွေ အဆင်မပြေတဲ့သူတွေ လစာမဲ့ ကျောက်ထုတဲ့သူတွေ၊ ပန်းရံလုပ်သား၊ လက်သမားတို့ အဲဒီလို အတန်းအစားလေးတွေ ခေါင်းရွက်ဗျက်ထိုးဆိုတာကလည်း ဈေးသည် လမ်းဘေးဈေးသည်ပေါ့ အဲလိုလုပ်ငန်းရပ်ဆိုင်းမယ့်သူတွေကို ထောက်ပံ့တာဖြစ်ပါတယ်။"
အဲဒီလို စာရင်းကောက်ယူရာမှာ အိမ်ထောင်ဦးစီး (မိသားစုမှာ အဓိက ဝင်ငွေရှာဖွေသူ)ရဲ့ အလုပ်အကိုင်ကို အဓိကထား ကောက်ယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ဧပြီ ၇ ရက်နေ့ ဒီနေ့ ညနေ ၄ နာရီမှာ စာရင်းအပြီး ကောက်ယူဖို့ ညွှန်ကြား ထားပြီး ဧပြီ ၁၀ ရက်နေ့မှာ စတင်ထောက်ပံ့သွားမှာဖြစ်ပါတယ်။
အစိုးရထောက်ပံ့တဲ့ ပမာဏဟာ မိသားစုများတဲ့သူတွေအတွက်တော့ အဆင်မပြေနိုင်ပေမယ့် ခုသာခံသာတော့ ဖြစ်နိုင်တယ်လို့ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာ ဆိုင်ကယ် ကယ်ရီဆွဲသူ ဦးရှမ်း က ပြောပါတယ်။
"သူတို့ပေးတော့လည်း ကိုယ်တွေ ထိုက်သင့်သလောက်တော့ အထောက်အကူရသွားတာပေါ့။ ကိုယ်တွေအနေ အထားနဲ့ ရတယ်ဆိုပေမယ့် ကိုယ့်ထက်နိမ့်ကျတဲ့သူတွေဆို ဘယ်လိုအဆင်ပြေမလဲ။ တချို့ဆို ဘယ်လောက် ထိပြောလဲဆိုရင် ဖြစ်လာခဲ့ရင် အသေခံတာပေါ့ဆိုတာထိ ပြောနေကြတယ်။ သူတို့ထောက်ပံ့တာ မိသားစုများ ရင်တော့ မလောက်နိုင်ဘူးပေါ့ မိသားစုနည်းတယ် နှစ်ယောက် သုံးယောက်ဆိုရင်တော့ ခြိုးခြိုးခြံခြံနဲ့ အလေ အလွင့်မရှိအောင်လုပ်ရင်တော့ ဖြစ်သွားနိုင်တယ် ယူဆရမှာပေါ့။"
ဧပြီ သင်္ကြန်ကာလမတိုင်ခင်နဲ့ သင်္ကြန်ကာလအတွင်း မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့ တိုင်းနဲ့ ပြည်နယ်အစိုးရတွေ က ကြေညာထားပြီးဖြစ်ပါတယ်။
ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို ဧပြီ ၁၀ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ သင်္ကြန်ကာလ ပိတ်ရက် ၁၀ ရက်စာအတွက် ဆန် ရှစ်ပြည်၊ ဆီ ၅၀ သား၊ ဆား ၅၀ သား၊ ပဲ တစ်ပိသာ၊ ကြက်သွန် တစ်ပိသာ အခမဲ့ ထောက်ပံ့မယ်လို့ အစိုးရက မနေ့က ကြေညာချက်ထုတ်ပြန်ထားတာပါ။
ပြည်ထောင်စု အစိုးရက ထောက်ပံ့ဖို့ စီစဉ်နေတာအပြင် သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရ အဖွဲ့တွေကလည်း လိုအပ်တဲ့နေရာတွေမှာ ဖြည့်ဆည်းကူညီနိုင်ဖို့ စီစဉ်ထားတာတွေရှိပါတယ်။
တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေက မြို့နယ်တွေအလိုက် ကျပ် သိန်း ၈၀၊ သိန်း ၅၀ ပေးထားပြီး လိုအပ်ချက်တွေ အတွက် အစိုးရက မြို့နယ်အလိုက် အလှူခံဌာနတွေ သတ်မှတ်ဖွင့်လှစ်မှာဖြစ်ပါတယ်။
လက်ရှိချထားပေးတဲ့ ငွေကြေးက လုံလောက်မယ် မလုံလောက်ဘူး ပြောလို့မရနိုင်တဲ့အတွက် အလှူခံဌာနတွေ လည်း ဖွင့်လှစ်ဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရားဝန်ကြီး ဦးလာလ်ထောင်ထန်း က ဆိုပါတယ်။
"လုံလောက်တယ် မလုံလောက်ဘူးဆိုတာတော့ လောလောဆယ် မသိနိုင်ဘူး၊ ကိုယ့်မြို့နယ်တွေအတွက် လုံလောက်အောင် ဖူလုံအောင်တော့ တတ်နိုင်သမျှ အစိုးရကလည်းပံ့ပိုးမယ် အရပ်ဘက်အဖွဲ့တွေကလည်း တတ်နိုင်သလောက် စေတနာရှင်တွေကို တိုင်းအစိုးရအဖွဲ့လည်း အလှူခံထားတာရှိတယ်။ လာပြီးလှူနေ ကြတာလည်းရှိတယ်။ လောလောဆယ် ၁၀ ရက်ဆိုတာ အခြေအနေအရပေါ့လေ၊ ကောင်းရင်လည်း ကောင်း သွားသလိုပေါ့ ဆိုးရင်လည်း ဆိုးသလိုပေါ့။"
အစိုးရအနေနဲ့ အခမဲ့ထောက်ပံ့ရာမှာ မလိုလားအပ်တဲ့ လေလွင့်မှုတွေ၊ ကြန့်ကြာမှုတွေနဲ့ အဂတိလိုက်စားမှုတွေ မရှိအောင် အရပ်ဖက်အဖွဲ့အစည်းတွေ၊ ပရဟိတလူငယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အိမ်သုံးအမျိုးအစား လျှပ်စစ်မီတာသုံးစွဲမှု ၁၅၀ ယူနစ် အထိ ဧပြီလကုန်အထိ အခမဲ့ သုံးစွဲခွင့်ပြုသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။