တိုင်းရင်းသားတွေရဲ့ ဖက်ဒရယ်တောင်းဆိုချက် အစိုးရ သဘောတူညီ
2014.08.15

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းရဖို့ ဒီနေ့ ရန်ကုန်မြို့မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးနေရာမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ တောင်း ဆိုနေတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင် စုကို တည်ဆောက်ဖို့ အစိုးရဘက်က ဒီကနေ့ သဘောတူ ညီလိုက်ပါတယ်။
ဒီနေ့ ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာကျင်းပ တဲ့ ဆွေးနွေးပွဲ ပထမနေ့အပြီး သဘောတူညီခဲ့တာဖြစ် တယ်လို့ တိုင်းရင်းသားတွေကို ကိုယ်စားပြုပြီး ဖွဲ့စည်းထားတဲ့ NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ က သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောပါတယ်။
"ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ကျနော်တို့ NCCT အဖွဲ့ တို့ ဆွေးနွေးကြတဲ့ပွဲမှာ အောင်မြင် မှု တော်တော်လေးကောင်းလာပါတယ်၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ အစိုးရဘက်က လက်ခံလိုက်ပြီ၊ အဲဒါဟာ အရေးကြီးဆုံးအချက်ဖြစ်တယ်၊ ဒီအပေါ်မှာ နားလည်မှုရရင် ကျန်တဲ့အချက်တွေက နားလည်မှုရဖို့ မခဲယဉ်းတော့ဘူး"
ဒါအပြင်လာမယ့် စက်တင်ဘာလ ၁၈ ရက်နေ့မှာ အစိုးရ၊ တပ်မတော်၊ NCCT အဖွဲ့ဝင်တွေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီတွေ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးသွားဖို့ရှိတယ်လို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ အကြီးတန်းအကြံပေးအရာရှိ ဦးလှမောင်ရွှေက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီကနေ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း အခန်း ၁ နဲ့ ၂ ကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ယခင်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က တောင်းဆိုထားတဲ့ “တော်လှန်ရေး”ဆိုတဲ့ စကားလုံး ကို ခေါင်းစဉ်တစ်ခုအနေနဲ့ ထည့်သွင်းတော့မှာမဟုတ်ဘဲ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ထဲမှာသာ ထည့်သွင်းဖော်ပြသွားမယ်လို့ ဦးနိုင်ဟံသာက ပြောပါတယ်။
ဒီနေ့ဆွေးနွေးပွဲအကြောင်း RFA သတင်းထောက် ကိုသီဟထွန်း တင်ပြထားပါတယ်။
ဒီနေ့ဆွေးနွေးပွဲ သဘောတူညီချက်တွေနဲ့ ပတ်သက်လို့ NCCT အဖွဲ့ ခေါင်းဆောင် ဦးနိုင်ဟံသာကို RFA ဝိုင်းတော်သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။