အာရှလမ်းမကြီးဖွင့်ပွဲနေ့မှာ လက်တုန့်ပြန်တိုက်ခိုက်သွားမယ် လို့ DKBA ပြော


2015.07.16
dkba-620.jpg DKBA ကလို့ထူးဘော တပ်ဖွဲ့ဝင်တချို့ စစ်ရေးပြနေစဉ်
Photo: Kyaw Lwin Oo/RFA

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း အစိုးရဘက်က အဆက်မပြတ် လိုက်လံတိုက်ခိုက်နေမယ်ဆိုရင် အာရှလမ်းမကြီးဖွင့်ပွဲနေ့မှာ လက်တုန့်ပြန်ပစ်ခတ်မယ်လို့ ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA က ဗိုလ်မှူးကြီးစောဆန်းအောင်က RFA ကိုပြောပါတယ်။

အာရှလမ်းကြီးဖွင့်လှစ်ပွဲကို မူလက ဇူလိုင်လ ၂၀ရက်နေ့ဖွင့်လှစ်ဖို့ သတ်မှတ်ထားပေမယ့် အစိုးရတပ်တွေနဲ့ DKBA တပ်တွေ တိုက်ပွဲဖြစ်ပွားတာခဲ့တာကြောင့် ဖွင့်ပွဲကို ရက်ရွှေ့ဆိုင်းထားပြီး  သြဂုတ်လအတွင်းမှ ဖွင့်လှစ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

DKBA တပ်ဖွဲ့တွေဟာ  အစိုးရတပ်တွေရဲ့တိုက်ခိုက်မူကြောင့် လမ်းနေရာက ရွှေ့ပေးခဲ့ပေမယ့် နောက်ကနေ လိုက်လံတိုက်ခိုက်တာခံနေရတယ်လို့ ဗိုလ်မှုူးကြီးစောဆန်းအောင်က ပြောပါတယ်။ ဆက်ပြီးလိုက်လံတိုက်ခိုက်နေ ရင် လက်တုန့်ပြန်မှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

"သူတို့က စစ်ဖြစ်အောင် ဖန်တီးနေတာတွေ့ရတယ်၊ ကျနော်တို့ကတော့ ကိုယ့်ကိုကိုယ် ခုခံကာကွယ်မယ်၊ ကိုယ့်ကိုယ်တိုက်ခိုက်ရင် ပြန်တုန့်ဖို့အသင့်ပါပဲ၊ ကျနော်တို့ KNU နဲ့လည်း ညှိနှိုင်းတယ်၊ ညှိနှိုင်းပေမယ့် နေ့စဉ် လက်နက်အင်အားတွေနဲ့ ပစ်ခတ်နေမယ်ဆိုရင် လမ်းဖွင့်ပွဲနေ့မှာ တုန့်ပြန်ပစ်သွားမယ်လို့ ဆုံးဖြတ်ချက်ရှိတယ်"

တိုက်ပွဲတွေ ရပ်ဖို့ KNU ကရင်အမျိုးသားအစည်းအရုံးက ညှိနှိုင်းပေးမယ်လို့ ဇူလိုင်လ ၁၅ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။ လက်ရှိမှာတော့ ကော့ကရိတ်နယ်အတွင်း  တိုက်ပွဲတွေ ရပ်နေတာ ၂ရက်ရှိပြီလို့ ဆိုပါတယ်။ ဒါပေမဲ့ DKBA တပ်နောက်ကို အစိုးရတပ်တွေ ထပ်ခြပ်မကွာ လိုက်နေကြောင်း ပြီးခဲ့တဲ့ ရက်တွေက လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း ဗိုလ်မှူးကြီးစောဆန်းအောင်က ပြောပါတယ်။

တိုက်ပွဲတွေဟာ ဇူလိုင်လ ၂ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အာရှလမ်းသစ်ပေါ်မှာ တိုက်ပွဲအကြိမ် ၂၀ နဲ့ လမ်းဟောင်းမှာ ၁၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ DKBA ဘက်က အလောင်းလေးလောင်းနဲ့ တပ်ဖွဲ့ဝင်သုံးဦး ဖမ်းဆီးရမိကြောင်း၊ တပ်မတော်ဘက်မှ အရာရှိ၊ စစ်သည်တချို့ ကျဆုံးကြောင်း တပ်မတော်ပိုင် မြဝတီ သတင်းဌာနက ဇူလိုင်လ ၁၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဗိုလ်မှူးကြီးစောဆန်းအောင်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။