မိုးညင်းမြို့အနီး KIA တပ်တွေကို အစိုးရတပ်တွေ ဆက်လက် တိုက်ခိုက်
2015.11.19

ကချင်ပြည်နယ် မိုးညင်းမြို့ အရှေ့ဘက်က တောင်ကြောတွေမှာရှိနေတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA တပ်တွေကို မြန်မာအစိုးရတပ်တွေက ဒီကနေ့မနက်မှာ လက်နက်ကြီးကျည်ပေါင်း ရာနဲ့ချီပြီး ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။
မနက် ၉ နာရီကနေ ၁၁ နာရီလောက်ထိ နှစ်နာရီကြာဆက်တိုက် တိုက်ခိုက်သံတွေကြားနေရတယ်လို့ မိုးညင်းဒေသခံတဦးဖြစ်တဲ့ ဦးဖေစိန်က RFA ကိုပြောပါတယ်။
"၉ နာရီလောက်ကနေ ၁၁ နာရီလောက်ကြာ လက်နက်ကြီးသံတွေက လက်နက်ကြီး ရာဂဏန်း ရှိမယ်လို့ ထင်တာပဲ၊ ပစ်နေတာ တစ်ဝုန်းဝုန်း တစ်ဒိုင်းဒိုင်းနဲ့ နောက် လက်နက်ငယ် ပစ်သံတွေလည်း တဒုတ်ဒုတ်တဒက်ဒက်နဲ့ ကြားနေရတယ်၊ အဲ့ဒီ ၁၁ နာရီလောက် ပြီးတဲ့နောက်ပိုင်းတော့ နည်းနည်းကျဲသွားပြီးမှ ကြိုကြားကြိုကြား လက်နက်ကြီးသံ တစ်ချက် အဲ့လိုပဲကြားရတယ်"
မြန်မာစစ်တပ်က မိုးညင်းမြို့ပတ်လမ်းကနေ လှမ်းပစ်နေတာလို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာ တဝိုက်မှာ ရွာမရှိတဲ့အတွက် လူတွေထွက်ပြေးရတာမျိုး မရှိသလို မိုးညင်းမြို့မှာလည်း ညမထွက်ရ အမိန့်ထုတ်ပြန်တာမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ပစ်ခတ်တိုက်ခိုက်သံတွေကြောင့် ဈေးတွေစောစောစီးစီး ပိတ်သိမ်းကြသလို၊ ကျောင်းသားတွေလည်း ပုံမှန်ကျောင်းလွှတ်ချိန်ထိ မနေရဲကြပဲ အိမ်ပြန်ကြတာရှိတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ် မိုးညင်းမြို့မှာ မြန်မာအစိုးရတပ်တွေက KIA တပ်တွေကို ဒီနေ့မနက်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတာနဲ့ ပတ်သက်လို့ မြို့ခံ ဦးဖေစိန်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။