စိုက်ပျိုးစရိတ်ချေးငွေကို ငွေရိုက်နှိပ် ထုတ်ချေးဖို့ လွှတ်တော်သဘောတူ
2016.05.23
၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွက် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးနိုင်ဖို့ ငွေကျပ် ဘီလီယံ ၅၀၀ ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ ချေးယူဖို့ နိုင်ငံတော်သမ္မတ က ပြည်ထောင်စုလွှတ်တော်ထံ တင်ပြထားတာကို အတည်ပြုလိုက် ပါတယ်။
ဗဟိုဘဏ် ဒုတိယဥက္ကဌ ဒေါ်ခင်စောဦးက ဗဟိုဘဏ်အနေနဲ့ အဲဒီချေးငွေကို ငွေကြေးရိုက်နှိပ် ထုတ်ပေးရမှာဖြစ်ပြီး သတ်မှတ်သက်တမ်းအတွင်း ပေးဆပ်မယ် ဆိုရင် ငွေကြေးဖောင်းပွမှုကို လျော့နည်းစေမှာဖြစ်တယ်လို့ တင်ပြခဲ့ ပါတယ်။
"မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ချေးတဲ့ချေးငွေဟာ ငွေထုတ်ဝေမှုနဲ့ ကျပ်ဘီလီယံ ၅ဝဝ ကို ဖြည့်ဆည်းပေး ရမှာ ဖြစ်တယ်ဆိုတဲ့အကြောင်းကို ကျမတင်ပြလိုပါတယ်၊ ဒါကြောင့်မို့လို့ ကျမခုနက တင်ပြခဲ့သလို ပဲ ငွေကြေးဖောင်းပွမှုအပေါ်မှာ ဖိအားများမှာ ဖြစ်တယ်ဆိုတဲ့အကြောင်းကို ကျမအနေနဲ့ တင်ပြချင်ပါတယ်၊ ဒါကြောင့် ယခုချေးငွေကို တောင်သူလယ်သမားများ လက်ဝယ်ကို မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန်ရောက် ရှိစေရေးနဲ့ ယခုဘဏ္ဍာနှစ်အတွင်းမှာ သတ်မှတ်သက်တမ်းအတွင်းမှာ ပြန်လည်ပေးဆပ်မယ်ဆို ရင်တော့ ငွေကြေးဖောင်းပွမှုအပေါ်မှာ ဖိအားလျော့နည်းစေမှာဖြစ်ပါတယ်"
ချေးငွေရယူဖို့ကိစ္စကို ကိုယ်စားလှယ် ၁၇ ဦးက ထောက်ခံဆွေးနွေးခဲ့ပါတယ်။ ပါဝင်ဆွေးနွေးခဲ့တဲ့ ကိုယ်စားလှယ်တွေ က တောင်သူလယ်သမားတွေ ထံ ချေးငွေပမာဏကို ပိုထုတ်ပေးဖို့ တင်ပြကြပါတယ်။
လက်ရှိမှာ တစ်ဧကကို ငွေကျပ် တစ်သိန်းနှုန်းနဲ့ ချေးငွေထုတ်ပေးနေတာဖြစ်ပါတယ်။ အဲ့ဒီချေးငွေကို စိုက်ပျိုးရေး ၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ဒီနှစ် စိုက်ပျိုးရာသီမစတင်ခင် ချေးယူမှာဖြစ်ပြီး ကာလတို တစ်နှစ် သက်တမ်းနဲ့ အတိုးနှုန်း ၅ ရာခိုင်နှုန်းပေးရမှာဖြစ်ပါတယ်။