မူးယစ်ဆေးတိုက်ဖျက်ရေး အရှိန်မြှင့်ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ ထောက်ပြကြသူတွေရှိ
2020.06.26
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖမ်းဆီးရမိထားတဲ့ အမေရိကန်ဒေါ်လာသန်းပေါင်း ၈၄၀ နီးပါး တန်ဖိုးရှိတဲ့ မူးယစ် ဆေးနဲ့ ဆက်စပ်ပစ္စည်းတွေကို ဇွန်လ၂၆ ရက် ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့မှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒီပမာဏဟာ ပြီးခဲ့တဲ့နှစ်က ဖမ်းဆီးရမိတဲ့ပမာဏထက် သုံးဆနီးနီး တိုးလာတာဖြစ်ပါတယ်။
နှစ်စဉ် နှစ်တိုင်းမူးယစ်ဆေးတွေ ပမာဏတိုးပြီး ဖမ်းဆီးနိုင်တာဟာ ဂုဏ်ယူစရာမဟုတ်ဘဲ လက်ရှိဆောင်ရွက်နေ တဲ့ နှိမ်နင်းတိုက်ဖျက်ရေးလုပ်ငန်းစဉ် အားနည်းချက်တွေကို ပြန်လည်သုံးသပ်ပြီး အရှိန်မြင့်တင်ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ မူးယစ်ဆေးဆန့်ကျင်ရေး လှုပ်ရှားနေတဲ့ အရပ်ဖက်အဖွဲ့တွေနဲ့ တိုင်းရင်းသားအရေး လေ့လာ သူတွေက ထောက်ပြကြပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးနဲ့ ဆက်စပ်ပစ္စည်းတွေကို ရန်ကုန်၊ လားရှိုး၊ တောင်ကြီး၊ ကွတ်ခိုင်တို့မှာ ဒီနေ့ မီးရှို့ဖျက်ဆီးခဲ့တာပါ။ ဖျက်ဆီးခဲ့တဲ့ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၈၃၉ သန်းခန့် ရှိပြီး မြန်မာငွေနဲ့ဆိုရင် ဘီလျံ ၁၂၀၀ ကျော် ရှိပါတယ်။
ဒါဟာ အရင်နှစ်ကထက် သုံးဆနီးပါး ပိုများပါတယ်။ ဒီထဲမှာ ဖေဖော်ဝါရီလ ၂၀ရက်နေ့ကနေ မေလ ၁ ရက်နေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်းခါးအုပ်စု လွယ်ခန်ကျေးရွာက ပြည်သူ့စစ် ထိန်းချုပ်နယ်မြေအတွင်း ဖမ်းဆီးရမိတဲ့ အမေရိကန် ဒေါ်လာသန်းပေါင်း ၄၂၀ ဝန်းကျင် တန်ဖိုးရှိတဲ့ ဘိန်းဖြူ၊ စိတ်ကြွ ဆေးပြား၊ အိုက်စ်၊ ဘိန်းညိုမုန့်တွေ ပါဝင်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ ဖေဖော်ဝါရီလနဲ့ မတ်လအတွင်း ဖမ်းဆီးမိခဲ့တဲ့ မူးယစ်ဆေးဝါး ပမာဏဟာ အာရှတိုက်မှာ အများဆုံး စံချိန်တင် ဖမ်းဆီးမိခဲ့တဲ့ပမာဏဖြစ်တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး UNODC က ပြောထားပါတယ်။
တစ်နှစ်ထက်တစ်နှစ် မူးယစ်ဆေးဝါးတွေ သုံးစွဲမှုများပြားလာသလို၊ ဈေးကွက်ဝယ်လိုအား မြင့်တက်လာတဲ့ အတွက် နိုင်ငံတော်က ပိုမိုအလေးထားဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်က ဒီနေ့ အခမ်းအနားမှာ ပြောခဲ့ပါတယ်။
ဖမ်းမိတဲ့ ပမာဏ တစ်နှစ်ထက်တစ်နှစ် ပိုတိုးလာတာဟာ မူးယစ်ဆေး အဓိကထုတ်လုပ်ဖြန့်ဖြူးနေတဲ့ အဖွဲ့အစည်းတွေကို မဖမ်းဆီးနိုင်တာကြောင့်ဖြစ်တဲ့အတွက် အဲဒါတွေကို ဖမ်းမိဖို့ အားစိုက်ထုတ်သင့်တယ်လို့ တိုင်းရင်းသားအရေး လေ့လာသူ ဦးမောင်မောင်စိုး က သုံးသပ်ပါတယ်။
ကွတ်ခိုင်က အမှုမှာ မူးယစ်ဆေးတွေနဲ့အတူ အမျိုးသား၂၉ ဦး၊ အမျိုးသမီး လေးဦး စုစုပေါင်း ၃၃ ဦးကို ဖမ်းဆီးရမိထားပြီး ကျန် ၉၇ ဦးကတော့ လွတ်မြောက်နေဆဲဖြစ်ပါတယ်။
အဲဒီအမှုမှာ ဖမ်းဆီးရမိခဲ့တာတွေဟာ တပ်မတော် လက်အောက်ခံ ကောင်းခါးပြည်သူ့စစ်အဖွဲ့ ထိန်းချုပ်နယ်မြေ ထဲမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဒီအတွက် တပ်မတော်က ကောင်းခါးပြည်သူ့စစ်အဖွဲ့ကို လက်နက်အပ်ခိုင်းခဲ့သလို လွယ်ခမ်ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်အချို့ကို ထိန်းသိမ်းထားခဲ့တာရှိတယ်လို့ အမည်မဖော်လိုတဲ့ ကောင်းခါး ပြည်သူ့စစ်အဖွဲ့ အရာရှိတစ်ဦးက RFA ကို ပြောထားပါတယ်။ မူးယစ်ဆေးနဲ့ ပြည်သူ့စစ်လို လက်နက်ကိုင်အဖွဲ့တွေ ဆက်စပ်ပတ်သက်မှုနဲ့ ပတ်သက်ရင်တော့ တပ်မတော်ကသာ အဓိက ကိုင်တွယ်ထိန်းချုပ်ဖို့ လိုအပ်တယ်လို့ ဦးမောင်မောင်စိုးက ထောက်ပြပါတယ်။
အစိုးရက မူးယစ်တိုက်ဖျက်ရေး ဆောင်ရွက်နေတယ်ဆိုပေမယ့် မြို့ထဲ ရွာထဲအနှံ့မှာတော့ မူးယစ်ဆေးတွေကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူရရှိနေတဲ့အတွက် စိုးရိမ်စရာ အခြေအနေဖြစ်နေတယ်လို့ သုံးသပ်ကြပါတယ်။
ရဲတပ်ဖွဲ့အတွင်းမှာတော့ မူးယစ်ဆေးဝါး ဖမ်းဆီးနိုင်ရေးအတွက် ဆောင်ရွက်တဲ့လုပ်ငန်းစဉ်မှာ ကန့်သတ်ချက်တွေ အများကြီးရှိနေတယ်လို့ မူဆယ်ခရိုင် ရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီး အောင်ထိန်လင်းက ပြောပါတယ်။
NLD အစိုးရလက်ထက်မှာ သမ္မတရုံးက ၂၀၁၈ ခုနှစ် ဇွန်လမှာ မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကို စတင်ဖွဲ့စည်းပြီး မူးယစ်ဆေးဝါးအမှုတွေကို သမ္မတက တိုက်ရိုက်ကွပ်ကဲနေပါတယ်။ မူးယစ်ဆေးအမှုတွေနဲ့ ပတ်သက်ရင် သတင်းပေးတိုင်ကြားသူကို ဆုကြေးပေးဖို့အထိ သမ္မတရုံးက ကြေညာထားတာပါ။ သမ္မတကိုယ်တိုင် ကွပ်ကဲကြီးကြပ်ပြီး မူးယစ်တိုက်ဖျက်ရေး ဆောင်ရွက်နေပေမယ့် ဖမ်းဆီးရမိတဲ့ပမာဏ ပိုတိုးလာတာ၊ ဖမ်းဆီးမှု တွေရှိနေတဲ့ကြားက လူထုကြားထဲမှာ ဈေးပေါပေါနဲ့ အလွယ်တကူ ဝယ်ယူလို့ရနေတဲ့ အခြေအနေတွေဟာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
အခုလို ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံအပါအဝင် အရှေ့နဲ့ အရှေ့တောင်အာရှနိုင်ငံအားလုံးလိုလို ကပ်ဘေး ရင်ဆိုင်နေရချိန်မှာ ကဏ္ဍမျိုးစုံမှာ ထိခိုက်နေပေမယ့် မူးယစ်မှောင်ခိုဈေးကွက်ကတော့ ကြီးကြီးမားမား ရိုက်ခတ်မှု မရှိနိုင်ဘူးလို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေးရုံး (UNODC) က သုံးသပ်ထားပါတယ်။