AA ဟာ ငြိမ်းချမ်းရေးလိုချင်တဲ့ အဖွဲ့ မဟုတ်ကြောင်း သမ္မတရုံးပြော
2020.09.04
AA တပ်ဖွဲ့ဟာ ငြိမ်းချမ်းရေးလိုချင်တဲ့ တပ်ဖွဲ့မဟုတ်ဘူးလို့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာပြောလိုက်ပါတယ်။
ဒ့ါအပြင် လတ်တလော ကပ်ရောဂါကာလ အတွင်းမှာ AA ဟာ နိုင်ငံရေး အမြတ်ထုတ်နေတယ် လို့လည်း ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်နေတဲ့ ရခိုင်ပြည်နယ်မှာ တပ်မတော်ဘက်က အင်အားတိုးချဲ့တာတွေ၊ အရပ်သားတွေကို ဖမ်းဆီးပစ်ခတ်တာတွေ လုပ်နေတယ်လို ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး အစိုးရရဲ့ သဘောထားကို ဒီနေ့ RFA ကမေးမြန်းရာမှာ အခုလိုပြောခဲ့တာပါ။
ရက္ခိုင့်တပ်တော် AA ဟာ စနစ်တကျ ဖွဲ့ထားတဲ့တပ်ဖွဲ့မဟုတ်ဘဲ အကြမ်းဖက်အဖွဲ့သာ ဖြစ်တယ်လို့လည်း ဦးဇော်ဌေးကပြောပါတယ်။
AA တပ်ဖွဲ့ဟာ အပစ်ရပ်စဲတယ်ဆိုပြီး ကြေငြာချက်ထုတ်ပြန်ချက်နေတာတွေဟာ ဝါဒဖြန့်သက်သက်သာဖြစ်ပြီး လက်တွေ့အောက်ခြေမှာ စစ်ရေးလှုပ်ရှားတာတွေ၊ မိုင်းဆွဲတိုက်ခိုက်နေတာတွေကို ဆက်တိုက်လုပ်နေတယ်လို့ ဦးဇော်ဌေးကပြောပါတယ်။
အမှန်တကယ် AA ဘက်က ငြိမ်းချမ်းရေးလိုချင်တယ်ဆိုရင် AA အဖွဲ့ တစ်ဖွဲ့ထဲနဲ့လည်း အစိုးရဘက်က ဆွေးနွေးဖို့ အသင့်ရှိနေတယ်လို့ အရင်ကလည်း ပြောထားသလို အခုလည်း အသင့်ရှိနေတယ်လို့ ဦးဇော်ဌေးကပြောပါတယ်။
ဦးဇော်ဌေးရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခကတော့ ငြိမ်းချမ်းရေးကို တကယ်လိုချင်လို့ ဆွေးနွေးမယ်ဆိုရင် တနိုင်ငံလုံးအပစ်ရပ်ရေး ကြေညာဖို့လိုတယ်၊ နိုင်ငံရေးအမြတ်ထုတ်ပြီး အကြမ်းဖက်အဖွဲ့လို့ AA ကိုကြေညာထားတာကိုလည်း ပြန်ရုပ်သိမ်းပေးဖို့လိုတယ်၊ ရခိုင်ပြည်သူတွေကို မြန်မာ့တပ်တော်က မတရား လုပ်ဆောင်နေတာတွေကို ရပ်တန့်ဖို့လိုမယ်၊ အဲဒါမှ တဖက်နဲ့တဖက် ယုံကြည်မှုတည်ဆောက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးလို့ရနိုင်မယ်လို့ RFA ကိုပြောပါတယ်။