အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး အစိုးရစဉ်းစားမည်
2014.05.30

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးကိစ္စကို သင့်တော်တဲ့အခြေအနေ အချိန်အခါမှာ စဉ်းစား သုံးသပ် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ ထောက်ခံ ချက်နဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ပေး ဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ပြည်သူ့လွှတ်တော် က တိုက်တွန်းကြောင်းအဆိုကို သင်္ဃန်းကျွန်းမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဒီနေ့ တင်သွင်းရာ ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက အခုလို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
"အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ရဲ့ သဘောသဘာဝဟာ များစွာကျယ်ပြန့်နက်ရှိုင်းပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနဲ့၎င်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွှတ်ရေးနဲ့၎င်း၊ နိုင်ငံရေးတည်ငြိမ်မှု၊ တရားဥပဒေ စိုးမိုးရေးနဲ့ လူမှုတရားမျှတမှု ရရှိစေရေး ဆက်နွယ်ပတ်သက်နေတဲ့အလျှောက် အဲဒီလို အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် မထုတ်ပြန်ခင် အဖက်ဖက်က ဝိုင်းဝန်းစဉ်းစားပြီး အမှန်တကယ် ထိရောက်အကျိုး ရှိပြီး ပြည်သူတစ်ရပ်လုံးက လိုလားထောက်ခံမှုရှိတဲ့ အမိန့်တစ်ရပ်ဖြစ်စေဖို့ ကြိုတင်ပြုစုရမယ့် အနေအထားရှိပါ တယ်၊ နိုင်ငံတော်သမ္မတက အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ရေးကို ပြည်သူတို့ရဲ့ လိုအင်ဆန္ဒနဲ့ အညီ ဝိုင်းဝန်းလေ့လာ သုံးသပ်စဉ်းစားပြီးတော့ အခြေခံဥပဒေပုဒ်မ ၂ဝ၄ ပုဒ်မခွဲ(ခ)အရ သင့်လျော်တဲ့ အခြေအနေအချိန်အခါမှာ သင့်လျော်သောလုပ်ဆောင်မှုများ ဆောင်ရွက်သွားနိုင်မှာဖြစ်ကြောင်း အစီရင်ခံတင်ပြ အပ်ပါတယ်"
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ နိုင်ငံရေး အကျဉ်းသားတွေ အပါအဝင် စုစုပေါင်း အကျဉ်းသား ခုနှစ်သောင်းနီးပါး လွှတ်ပေးခဲ့သလို ၂၀၁၃ ခုနှစ်အတွင်းမှာ လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီရဲ့ စိစစ်ထောက်ခံချက်နဲ့ နိုင်ငံရေးအကျဉ်းသား ၃၅၄ ယောက်ကို ထပ်မံလွှတ်ပေးခဲ့တယ်လို့လည်း ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပြောခဲ့ပါတယ်။