အကျင့်ပျက်အစိုးရဝန်ထမ်း တစ်ရာကျော် ကော်မရှင် အရေးယူခဲ့


2015.11.23
pyidu-hluttaw-620.jpg ပြည်သူ့လွှတ်တော် အစည်းအဝေး နေပြည်တော်မှာ ကျင်းပစဉ်
Photo: RFA

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဟာ တစ်နှစ်ကျော်အတွင်း အဂတိလိုက်စားတဲ့ အစိုးရဝန်ထမ်း တစ်ရာကျော်ကို ဖော်ထုတ်အရေးယူခဲ့ပြီး နိုင်ငံတော်အစိုးရထံ ငွေကျပ်သိန်းပေါင်း ၂၀၀ ကျော်ကို ပြန်လည် အပ်နှံခဲ့ကြောင်း ကော်မရှင် ဥက္ကဌ ဦးမြဝင်းက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ အရေးယူမှုတွေ ပြုလုပ်နေပြီး ကော်မ ရှင်ရဲ့ ဆောင်ရွက်ချက်တွေ အောင်မြင်မှု ရှိ၊ မရှိကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦး က မေးမြန်းရာမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ ဦးမြဝင်းက ပြန်လည်ဖြေကြား ခဲ့တာဖြစ်ပါတယ်။

"အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စတင်ဖွဲ့စည်းသည့်နေ့မှ ယနေ့အထိ တရားစွဲဆို အရေးယူခဲ့တဲ့ ပုဂ္ဂိုလ် ၉ ဦးရှိပါတယ်၊ ဝန်ထမ်းစည်းကမ်းစည်းမျဉ်းအရ အရေးယူခဲ့ဲတဲ့ပုဂ္ဂိုလ် ၁၂၅ ဦးရှိပြီးတော့ လက်ရှိစုံစမ်း စစ်ဆေးနေဆဲကိစ္စရပ် ၃ ဦးရှိပါတယ်၊ နိုင်ငံတော်ကို ပြန်လည်သွင်းငွေပေါင်းဟာ ကျပ်နှစ်ရာခြောက်သိန်း ရှစ်သောင်းငါးထောင် ရှိကြောင်းတင်ပြအပ်ပါတယ်၊ တိုင်စာများကို ကျနော်တို့ကော်မရှင်က တိုက်ရိုက်စစ်ဆေး တရားစွဲဆိုအရေးယူခြင်းနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းအစိုးရအဖွဲ့များနဲ့ ၎င်း၊ ဌာနဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနဲ့၎င်း ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်"

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို စတင်အကောင်အထည်ဖော်နေချိန်ဖြစ်တဲ့အတွက် လတ်တလောမှာ အခြေခိုင်အောင်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ဦးမြဝင်းက ပြောခဲ့ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ပြီးခဲ့တဲ့နှစ် မတ်လ ၁၀ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။