မီးဘေးသင့် ပြည်သူတွေကို ကူညီဖို့ အစိုးရနှိုးဆော်
2016.02.05

မနေ့က မီးလောင်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နဲ့ ဧရာဝတီတိုင်း လပ္ပတ္တာမြို့တွေက နေအိမ်ဆုံးရှုံးခဲ့ သူတွေကို အစိုးရက အရေးပေါ်ကယ်ဆယ်ရေး အကူအညီတွေ ပေးအပ်ခဲ့ပြီး ဘဏ်ငွေစာရင်းတစ်ခုဖွင့်ထားပြီး အများပြည်သူတွေ ပါဝင်လှူဒါန်းကြဖို့ နှိုးဆော်ထားပါတယ်။
နိုင်ငံတော်သမ္မတနဲ့အတူ နမ့်ဆန်မြို့ မီးဘေးကယ်ဆယ်ရေးခရီးစဉ်မှာ လိုက်ပါသွားတဲ့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် က အရေးပေါ်အကူအညီတွေကို ပေးအပ်ခဲ့ကြောင်း အခုလို ပြောပါတယ်။
"မီးဘေးသင့်ဒုက္ခသည်တွေကို လိုအပ်တာတွေ ဝယ်စားနိုင်ဖို့အတွက် အိမ်ထောင်စုတစ်စုကို ငွေသုံးသိန်း နဲ့ နောက် ၁ဝ တန်း ကျောင်းသားတွေအတွက် ကျောင်းသားတစ်ဦးကို ငွေတစ်သိန်း ကျနော်တို့ထောက်ပံ့ပါတယ်၊ မီးဘေးဒုက္ခသည်အားလုံးကို အမိုးအကာအောက်မှာ လုံလုံခြုံခြုံနဲ့ နေရာချထားပါတယ်"
နမ့်ဆန်မြို့ မင်္ဂလာရပ်ကွက်မှာ မနေ့က နေ့လည် ၁ နာရီကျော်ကနေ ည ၇ နာရီကျော်လောက်အထိ မီးလောင်ခဲ့ပြီး အိမ်ခြေ ၃၀၀ ပျက်စီးသွားပြီး လူဦးရေ ၁၅၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားပါတယ်။ မီးဘေးဒုက္ခသည်တွေဟာ နမ့်ဆန်မြို့ မြို့မဂိုဏ်းချုပ် ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့ ၅ရပ်ကွက်မှာ မနေ့ည ၇ နာရီကျော်က မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၂၀၀ နီးပါးနဲ့ ဈေးဆိုင် ၂၀ လောက် မီးလောင်ပျက်စီးခဲ့ပါတယ်။
လပွတ္တာက မီးဘေးသင့်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ အဝတ်အထည်နဲ့ ဆေးဝါး စတဲ့ အရေးပေါ် ကယ်ဆယ်ရေး အကူအညီတွေကို ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက သွားရောက်လှူဒါန်းခဲ့ပါတယ်။
လပွတ္တာမြို့က မီးဘေးသင့်ပြည်သူတွေဟာ နီးစပ်ရာဘုန်းကြီးကျောင်းနဲ့ ဆွေမျိုးတွေဆီမှာ ခိုလှုံနေကြပြီး ဒုက္ခသည်စခန်းဖွင့်လှစ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။