ရေဘေး ဒုက္ခသည် ၄ သိန်း နီးပါးအတွက် စားနပ်ရိက္ခာထောက်ပံ့
2016.08.08

ဧရာဝတီ၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မန္တလေး၊ ရန်ကုန်၊ မွန်နဲ့ ကချင် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၈ ခု မှာ ရေကြီးရေလျှံမှုကြောင့် ရေဘေးဒုက္ခရောက်နေတဲ့ လူဦးရေ ၄ သိန်းနီးပါးအတွက် ငွေကျပ်သိန်းပေါင်း ၃၅ဝဝ နီးပါးဖိုး ဆန်ရိက္ခာနဲ့ အရေးပေါ်စားနပ်ရိက္ခာတွေ ထောက်ပံ့ကူညီပေးထားပါတယ်။
ရေဘေးဒဏ် အဆိုးဆုံးခံနေရတဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ဧရာဝတီနဲ့ ပဲခူးစတဲ့ တိုင်းဒေသကြီး ၅ ခု အတွက် ငွေကျပ်သိန်း ၁ ထောင်စီ ထပ်တိုးထောက်ပံ့ပေးထားတယ်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်း က ပြောပါတယ်။
"မနေ့ကအထိ ထောက်ပံ့တဲ့စာရင်းက ကျပ်သိန်းပေါင်း ၃၃၆ဝ ခန့်ရှိတယ်၊ ကျမတို့သွားထောက်ပံ့တာ ဆန်တို့ အရေးပေါ်အစားအစာတို့ ကယ်ဆယ်ရေးပစ္စည်းတို့ပေါ့နော်၊ စုစုပေါင်း ပြည်နယ်တိုင်း ၈ ခုပေါ့နော်၊ နည်းနည်းရေ ကြီးခဲ့တဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ဧရာဝတီနဲ့ ပဲခူးကို သိန်းတစ်ထောင်စီ လွှဲထားပေးတယ်"
မကွေးတိုင်းက ၁၄ မြို့နယ်၊ ဧရာဝတီတိုင်းက ၁၃ မြို့နယ်၊ စစ်ကိုင်းတိုင်းက ၁၂ မြို့နယ်၊ မန္တလေးတိုင်းက ၁ဝ မြို့နယ်နဲ့ ပဲခူးတိုင်းက ၇ မြို့နယ်တို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေတာပါ။
ဧရာဝတီတိုင်း ဟင်္သာတ၊ ပုသိမ်နဲ့ ဖျာပုံမြို့အနီးတဝိုက်၊ ပဲခူးတိုင်း ပြည်နဲ့ ပဲခူးမြို့ကြား၊ ရန်ကုန်တိုင်းက မင်္ဂလာဒုံနဲ့ သန်လျင်မြို့အနီးတဝိုက်မှာ ရေကြီးမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင် က သတိပေးထားပါတယ်။