ငြိမ်းချမ်းရေး ဆွေးနွေးမှု လက်ရှိအစိုးရ သက်တမ်းအတွင်း ပြီးချင်လို့ ကေအိုင်အို ပြော
2012.03.09

မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ ရွှေလီမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပ သတင်းထောက်တွေကို ဖိတ်ခေါ်ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကေအိုင်အိုက ပြောဆိုခဲ့တာပါ။
ရွှေလီမြို့ ကျင်းချိန့်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ အဲဒီပွဲမှာ သတင်းထောက်တွေက လက်ရှိ ကေအိုင်အိုနဲ့ အစိုးရ ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးပွဲ အခြေအနေ၊ ကချင်ပြည်နယ်အတွင်း လူ့အခွင့်အရေး အခြေအနေနဲ့ စစ်ပြေး ဒုက္ခသည်တွေရဲ့အခြေအနေကို မေးမြန်းကြပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ အစိုးရတပ်တွေ တိုးချဲ့ချထားတာတွေ ပြန်လည်ရုပ်သိမ်းသွားရင် ကေအိုင်အို အနေနဲ့ ဆက်လက် ဆောင်ရွက်မယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီး သတင်းထောက်တစ်ယောက်က မေးမြန်းရာမှာ ကေအိုင်အို ဒုတိယဗိုလ်မှူးကြီး ဂျီးနောင်က အခုလို ပြန်လည်ရှင်းလင်းပါတယ်။
“နိုင်ငံရေးအနေနဲ့ကျတော့ ပင်လုံမှာ ကျင်းပခဲ့ကြသကဲ့သို့ ညီလာခံ ကျင်းပမယ်။ နောက်ပြီး တိုင်းရင်းသား ပြည်သူအားလုံးရဲ့ ဘုံသဘောတူချက်ကိုရအောင် ယူပါမယ်။ နောက်တစ်ချက်က စစ်ရေးလှုပ်ရှားမှုကြောင့် ပျက်စီးသွားတဲ့ ကျေးရွာတွေကို ပြန်လည် ထူထောင်မယ်။ နေရာချမယ်။ လမ်းပန်း ဆက်သွယ်ရေးတို့၊ လုံခြုံရေးတို့၊ နောက်ပြီး လူနေမှုဘဝ တိုးတက်ရေးတို့၊ မြှင့်တင်ရေးတို့ အဲဒါတွေအားလုံး တည်ဆောက်သွားဖို့ ရှိပါတယ်။ တည်ဆောက်ဖို့ကျတော့ ကျွန်တော်တို့ရယ်၊ နိုင်ငံတော်ရယ်၊ နောက်ပြီး ပြည်ပ အကူအညီ။ အဲဒါတွေက အစပေါ့။ နိုင်ငံရေးကိစ္စ၊ တခြားကိစ္စ နှစ်ဘက် တွေ့ဆုံဆွေးနွေးပြီးမှ ညှိနှိုင်းပြီးမှ ဆက်ပြီးဆက်ပြီး ဆောင်ရွက်သွားဖို့ရှိပါတယ်”
ငြိမ်းချမ်းရေးအတွက် ကေအိုင်အိုက အဆင့်သုံးဆင့်ခွဲပြီး ဆွေးနွေးနေရာမှာ ကချင်ပြည်နယ်အတွင်း အစိုးရတပ်တွေ ရုပ်သိမ်းပေးရေးနဲ့ ပတ်သက်လို့ အခုထိ ပြေလည်မှု မရသေးပါဘူး။ သောင်မတင်ရေမကျ ဖြစ်နေတဲ့ နှစ်ဘက် ဆွေးနွေးမှုတွေဟာ နောက်အစိုးရသက်တမ်းအထိ ရောက်သွားနိုင်မလားဆိုတဲ့ သတင်းထောက်တစ်ယောက်ရဲ့ မေးခွန်းကိုလည်း သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ ပြီးစီးအောင် လုပ်ဆောင်လိုကြောင်း၊ မပြီးပြတ်ရင်လည်း ထာဝရ ငြိမ်းချမ်းရေးရသည်အထိ စိတ်ရှည်လက်ရှည် ကြိုးစားဖို့ ရည်မှန်းထားကြောင်း ဒုဗိုလ်မှူးကြီး ဂျီးနောင်က ဖြေကြားသွားပါတယ်။
ဒါ့အပြင် သတင်းထောက်တွေက နှစ်ဘက် စစ်ရေးအခြေအနေ၊ နှစ်ဦးနှစ်ဘက် အပြန်အလှန် ယုံကြည်မှုတွေနဲ့ ပတ်သက်လို့ မေးမြန်းခဲ့ကြပါတယ်။ အဲဒီပွဲကို MRTV ၊ မြဝတီတီဗွီနဲ့ စကိုင်းနက်ရုပ်သံလိုင်း၊ ပြည်တွင်းက ဂျာနယ်တွေအပါအဝင် သတင်းထောက် ၅၀ လောက် တက်ရောက်ခဲ့ကြပါတယ်။
ကေအိုင်အိုနဲ့ အစိုးရတို့ မတ်လ ၁၀ ရက် မနက်မှာ ၃ ရက်မြောက်အဖြစ် ဆက်လက်ဆွေးနွေးကြအပြီးမှာ ကေအိုင်အိုက သတင်းစာရှင်းလင်းပွဲ ထပ်မံခေါ်ယူမယ်လို့ သိရပါတယ်။
ဒီသတင်းကို အာအက်အေ သတင်းထောက် ကိုရဲထက် ပေးပို့ခဲ့တာပါ။