အစိုးရနဲ့ ကရင်အမျိုးသား အစည်းအရုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိ

အစိုးရနဲ့ ကေအင်ယူ ကရင်အမျိုးသား အစည်းအရုံးတို့ဟာ တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေးနဲ့ တိုင်းရင်းသားနယ်မြေတွေမှာ စစ်မက်ဖြစ်ပွားမှု အမြန်ဆုံး ရပ်ဆိုင်းရေး လုပ်ဆောင်သွားဖို့ သဘောတူညီချက် ရရှိသွားကြပြီလို့ သိရပါတယ်။

2012.04.06
u-myint-swe-knu-naw-si-pho-ra-sein-b305 ၂၀၁၂ ခုနှစ် ဧပြီလ ၅ ရက်က ကျင်းပသော ညစာစားပွဲ၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ကရင်အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး နော် ဇီဖိုးရာစိန်တို့ စကားပြောကြားနေစဉ်။
AFP

နှစ်ဘက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်မှုတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ရာမှာ အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ကေအင်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ရဲ့ ပြောခွင့်ရသူ နော်မေဦးက အစိုးရနဲ့ ရရှိခဲ့တဲ့ သဘောတူညီချက်တွေကို ပြောပြပါတယ်။

နှစ်ဘက်သဘောတူညီချက်မှာ ပါတဲ့အချက်တွေထဲက တချို့မှာ တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေးနဲ့ တိုင်းရင်းသားနယ်မြေတွေမှာ စစ်မက်ဖြစ်ပွားမှု အမြန်ဆုံးရပ်ဆိုင်းရေး လုပ်ဆောင်သွားရန်၊ ပြည်သူလူထု ဘဝလုံခြုံမှုကို အာမခံပေးနိုင်ရန်အတွက် နှစ်ဘက်လိုက်နာရမည့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကျင့်ဝတ်များ Code of Conduct ကို သတ်မှတ်သွားရန်အပြင် ပြည်တွင်းမှာ ပုန်းအောင်းနေရတဲ့ ဒေသခံများ သက်ဆိုင်ရာ ကျေးရွာတွေမှာ ပြန်လည်နေနိုင်ရေးအတွက် နှစ်ဘက် ပူးပေါင်းဆောင်ရွက်သွားရန်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

မနေ့က ကရင်ပြည်နယ် ဖားအံမြို့က ဆွေးနွေးပွဲမှာ နှစ်ဘက်တပ်တွေ နေရာချထားရေးနဲ့ လိုက်နာရမယ့် စည်းမျဉ်းတွေကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာအစိုးရ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီ က သတင်းထောက်တွေကို ပြောပါတယ်။

အစိုးရကရော ကရင်အမျိုးသား အစည်းအရုံးကပါ ငြိမ်းချမ်းရေးကို လိုချင်တာဖြစ်တဲ့အတွက် အောင်မြင်မှု ရလိမ့်မယ်လို့လည်း ဦးခင်ရီက ပြောခဲ့ပါတယ်။

ကေအင်ယူ ကိုယ်စားလှယ်အဖွဲ့ဟာ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

ကေအင်ယူ ကိုယ်စားလှယ်အဖွဲ့ဝင် ဖဒိုကွယ်ထူးကို အာအက်ဖ်အေ ဦးခင်မောင်စိုးက တွေ့ဆုံ မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ် မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။