အစိုးရအဖွဲ့နှင့် KNU တတိယအကြိမ် ဆွေးနွေးပွဲစတင်
2012.09.03

ဆွေးနွေးပွဲကို ဖားအံမြို့ ဇွဲကပင်ဟိုတယ်မှာ ဒီကနေ့မနက် ၉ နာရီက စတင်တာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲကို အစိုးရဘက်က သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်ပြီး KNU ဘက်က အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ဦးဆောင်တာပါ။
ဒီကနေ့ ဆွေးနွေးပွဲမှာ နှစ်ဘက်လိုက်နာရမဲ့ စည်းကမ်းချက်များ သတ်မှတ်ရေးကို အဓိက ဆွေးနွေးတာ ဖြစ်တယ်လို့ အစည်းအဝေးကို တက်ရောက်နေတဲ့ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေက ပြောပါတယ်။
မနက်ဖြန် ဆွေးနွေးပွဲမှာ ယာယီအပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အရ နှစ်ဘက်တပ်များ နေရာချထားတာနဲ့ ပတ်သက်ပြီး ဆက်လက် ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။
ကရင်အမျိုးသား အစည်းအရုံး ကေအင်န်ယူနဲ့ အစိုးရတပ်တွေကြား လက်ရှိ အပစ်အခတ် ရပ်စဲရေး စည်းမျဉ်း စည်းကမ်း သဘောတူချက်တွေဟာ အခြားတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအတွက် စံနမူနာ ဖြစ်လာနိုင်မယ်လို့ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက RFA ကို ဒီကနေ့ ပြောပါတယ်။
နှစ်ဘက် အပစ်အခတ် ရပ်စဲရေး စည်းမျဉ်း စည်းကမ်းတွေနဲ့ ပတ်သက်လို့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်တွေနဲ့ ကေအင်ယူတို့ ဖားအံမြို့မှာ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေး နေကြတာပါ။
အဓိကသဘောတူညီချက်တွေထဲမှာ နှစ်ဘက်တပ်တွေ နေရာ ချထားရေးနဲ့ လိုက်နာဆောင်ရွက်ရမယ့် ကျင့်ထုံးတွေ ပါဝင်တယ်လို့ ဝန်ကြီး ဦးစိုးသိန်းက ပြောသွားပါတယ်။
လောလောဆယ် မူအရ သဘောတူညီချက်တွေကို ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ အနေနဲ့ သမ္မတ ဦးသိန်းစိန်ကို တင်ပြမှာဖြစ်သလို ကေအင်န်ယူ ဘက်ကလည်း ထိပ်ပိုင်းခေါင်းဆောင်တွေကို ပြန်လည်တင်ပြမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှ စည်းမျဉ်း စည်းကမ်းတွေအပေါ် သဘောတူ လက်မှတ်ရေးထိုးမှာ ဖြစ်တယ်လို့ ဦးစိုးသိန်းက ဆိုပါတယ်။
ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းနဲ့ RFA အဖွဲ့သူ မအင်ကြင်းနိုင် ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |