အခြေခံဥပဒေ ပြင်ဆင်ရေး အုပ်ချုပ်ရေးပိုင်းက ပါဝင်ပူးပေါင်းဖို့ သူရဦးရွှေမန်း တိုက်တွန်း
2013.08.16

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လွှတ်တော် ကိုယ်စားလှယ်တွေအပြင် အုပ်ချုပ်ရေးပိုင်းကလည်း ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်လို့ ပြည်ထောင်စု လွှတ်တော်နာယက ဦးရွှေမန်းက ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။
နေပြည်တော်မှာ ဒီနေ့သတင်းထောက်တေွနဲ့ နာရီဝက်လောက်တွေ့ဆုံစဉ် သူရဦးရွှေမန်းက အခုလို ပြောပါတယ်။
"ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံး သပ်ရေးကော်မတီ ဖွဲ့စည်းပြီးသွားပြီ၊ ဖွဲ့စည်းပြီးတဲ့အတွက် သူတို့တွေစပြီးတော့ ဆောင် ရွက်တော့မယ်၊ ဘယ်လောက်အတိုင်းအတာအထိ ပြီးမယ်ဆိုတာကတော့ သူတို့ရဲ့ကြိုးပမ်းအားထုတ်မှု နဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ပါဝင်မှု ပြီးတဲ့အခါမှာ အဓိကက အုပ်ချုပ်ရေးဘက်ကပါဝင်မှု အရေးကြီးပါတယ်၊ ဥပဒေပြဌာန်းတဲ့အခါမှာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ပါဝင်မှု အများကြီးအရေးကြီးပါတယ်၊ ဒီအပေါ်မူတည်ပြီး ဘယ်လောက်အတိုင်းအတာအထိ ပြီးမယ်ဆိုတာကတော့ အဲဒီပါဝင်မှုအပေါ်မှာ မူတည်တယ်လို့ပြောချင်ပါတယ်”
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို မထိခိုက်အောင် သတိထားပြီး ဆောင်ရွက်ရမှာဖြစ်သလို လုပ်နည်းလုပ်ဟန်တွေ မမှားဖို့လိုအပ်တယ်လို့လည်း သူရဦးရွှေမန်းက ပြောပါတယ်။
"တချို့ကျလည်း ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ယာယီအသုံးပြုမယ်၊ ပြီးမှအသစ်ပြဌာန်းမယ်လို့ပြောတယ်၊ ဒီကိစ္စတွေက တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း အယူအဆပဲဖြစ်ပါတယ်၊ ဒီအယူအဆတွေက ဘယ်ဟာမိမိတို့ တိုင်းပြည်နဲ့အဆင်ပြေမလဲ၊ ဘယ်ဟာ အကိုက်ညီဆုံးဖြစ်မလဲဆိုတာကတော့ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်သူတွေ ရွေးဖို့လိုပါတယ်၊ ဘယ်ဟာပဲဖြစ်ဖြစ် သတိထားရမယ့်ကိစ္စကတော့ နိုင်ငံဖွံ့ဖြိုးတိုက်းတက်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို မထိခိုက်အောင် သတိထားပြီး လုပ်ရမယ့်အလုပ်ကလေးတွေရှိပါတယ်"
ဒီနေ့တွေ့ဆုံပွဲမှာ သတင်းထောက်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး နဲ့ လယ်ယာမြေ သိမ်းဆည်းခံရခြင်းကိစ္စတွေကို မေးမြန်းခဲ့ကြပါတယ်။