အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် SSA (တောင်ပိုင်း) သဘောတူညီမှု ရရှိ
2012.05.19

SSA ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) နဲ့ မူးယစ်ဆေးဝါး ပူးတွဲတိုက်ဖျက်ရေးကိစ္စကို ငြိမ်းချမ်းရေးအဖွဲ့ အနေနဲ့ သဘောတူခဲ့ကြပြီး အသေးစိတ် ဆက်လက်လုပ်ဆောင်နိုင်ဖို့ သမ္မတထံ တင်ပြမှာဖြစ်တယ်လို့ ဆွေးနွေးပွဲကို လိုက်ပါသွားတဲ့ SSA အတိုင်ပင်ခံတစ်ဦးဖြစ်သူ ဦးခွန်စိုင်းက ပြောပါတယ်။
အခုတစ်ကြိမ် ဆွေးနွေးရာမှာ နှစ်ဘက်လုံးက စစ်တပ်အရာရှိ တပ်မှူးတွေ ပါဝင်ခဲ့ကြတဲ့အတွက် မျှော်လင့်ထားတာထက် ပိုပြီး အဆင်ပြေမှုတွေ ရရှိခဲ့တယ်လို့ ဦးခွန်ဆိုင်းက ပြောပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေးတည်မြဲမှု စောင့်ကြည့်ရေးကော်မတီဖွဲ့ဖို့၊ RCSS နဲ့ သက်ဆိုင်တဲ့ အကျဉ်းသားတွေ လွတ်ပေးဖို့၊ ရှမ်းပြည်နယ်အတွင်း လွတ်လပ်တဲ့ သတင်းနဲ့ စာနယ်ဇင်းဌာန ထူထောင်ခွင့်ပြုဖို့၊ အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေနဲ့ လက်တွဲပြီး လူထု အကျိုးပြုလုပ်ငန်းလုပ်ဖို့၊ ထိုင်း မြန်မာ နယ်စပ်ဂိတ် ၃ ခု ဖွင့်ခွင့်ပေးဖို့၊ RCSS/ SSA ထိန်းချုပ်နယ်မြေအတွင်း လွတ်လပ်စွာ လက်နက် ကိုင်ဆောင်သွားလာခွင့်ပြုဖို့၊ ရွှေလီမြစ်ဝှမ်းဒေသမှာ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ခွင့်ပြုဖို့နဲ့ နိုင်ငံသား စိစစ်ရေးကဒ်ပြားတွေ လုပ်ပေးသွားဖို့ စတဲ့ အချက် (၁၂) ချက်ကို နှစ်ဘက်သဘောတူ လက်မှတ်ထိုးခဲ့ကြတာ ဖြစ်တယ်လို့ ပြောပါတယ်။
ငြိမ်းချမ်းရေး ကြီးကြပ်စောင့်ကြည့်တဲ့အဖွဲ့ ဖွဲ့စည်းနိုင်ဖို့ အတွက် လာမည့် ဇူလိုင်လမှာ ထပ်မံတွေ့ဆုံဆွေးနွေး အကောင်အထည်ဖော်သွားကြဖို့ ရှိတယ်လို့ သိရပါတယ်။
ဒီသတင်းကို အာအက်ဖ်အေ သတင်းထောက် ဦးအောင်မိုးမြင့် ပေးပို့ခဲ့တာ ဖြစ်ပါတယ်။