မကွေးတိုင်းမှာ ဝန်ထမ်းမဲစာရင်း နံပါတ်တွေ ဝန်ကြီးဌာနများတောင်း ယူနေ
2015.10.04
မကွေးတိုင်းဒေသကြီးထဲက အစိုးရဝန်ထမ်းတွေရဲ့ မဲစာရင်းအမှတ်တွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေ က တောင်းယူနေတယ်လို့ သိရပါတယ်။
မင်းဘူး၊ စကုမြို့နယ်ထဲက လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနက ဝန်ထမ်းတွေရဲ့ မဲစာရင်းနံပါတ်ကို တောင်းယူနေတယ်ဆိုပြီး ဝန်ထမ်းတွေက မကွေးတိုင်း NLD ပါတီကို လာရောက်တိုင်ကြားနေ တယ်လို့ NLD ပါတီရဲ့ မကွေးတိုင်းဒေသကြီးအတွင်းရေးမှူး ဦးနေမျိုးကျော် က ပြောပါတယ်။
"ကျနော်တို့လက်ရှိ မင်းဘူး၊ စကုမြို့နယ်မှာ ဌာနဆိုင်ရာဝန်ထမ်းတွေကလာပြီးတော့ အသိလာပေးတာတွေ ရှိနေတယ်၊ အဲ့ဒါကတော့ စိုက်ပျိုးရေးဌာနတို့၊ ပညာရေးဌာနတို့မှာ အခြားဌာနတွေလည်း ရှိကောင်းရှိပါလိမ့် မယ်၊ သက်ဆိုင်ရာဝန်ထမ်းတွေကို ခရိုင်ဆိုရင် ခရိုင်အဆင့်ကနေ၊ မြို့နယ်ဆိုရင်မြို့နယ်အဆင့်တို့မှာ ရုံးတွေကတဆင့် မဲစာရင်းနံပါတ်တွေကို တောင်းခံမှုတွေနဲ့ ပတ်သက်လို့ ဝန်ထမ်းတွေကြားထဲမှာ သူတို့တော်တော်မကျေမနပ်ဖြစ်တယ်၊ ကျနော်တို့ကို လာရင်ဖွင့်ပါတယ်၊ ဝန်ထမ်းတွေခံစားနေရတာကတော့ ဒီလိုမဲစာရင်းကို ကိုယ့်ဝန်ကြီးဌာနကတောင်းတာဟာ ကြိုတင်မဲမဟုတ်ရင် သူတို့ပေးစေလိုတဲ့ အာဏာရပါတီ ကို မဲပေးရမှာလားဆိုတဲ့ ခြိမ်းခြောက်မှုမျိုး ခံစားရတယ်လို့ ပြောပါတယ်"
အခုလို အစိုးရဝန်ထမ်းတွေရဲ့ မဲစာရင်းအမှတ်တွေကို တောင်းယူနေတာနဲ့ ပတ်သက်ပြီး NLD ပါတီက ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြသွားမယ်လို့လည်း ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကနေ ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဒေါ်ဇင်မာအောင်က မဲစာရင်းတွေဖောင်းပွနေတာ၊ မှားယွင်းနေတာ စိုးရိမ် စရာဖြစ်တယ်လို့ ပြောကြားပါတယ်။
ဒေါ်ဇင်မာအောင်ကို RFA သတင်းထောက် မမိုးကလျာဦးက ဆက်သွယ်မေးမြန်းထားပါတယ်။