ကပ်ဘေးကာလ အစိုးရ ထောက်ပံ့ငွေရဖို့ ဆန္ဒပြတောင်းဆိုမှုတွေရှိနေ
2020.11.15
ကပ်ဘေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို အစိုးရက စတုတ္ထအကြိမ် ထောက်ပံ့တဲ့အနေနဲ့ ငွေကျပ် ၄ သောင်းထောက်ပံ့ပေးနေပါတယ်။ ဒါပေမဲ့ တချို့နေရာတွေမှာ တကယ်လိုအပ်နေသူ မရတာ အများအပြား ရှိနေပြီး ထောက်ပံ့ငွေရဖို့ ဆန္ဒပြတောင်းဆိုတာတွေလည်း ရှိလာပါတယ်။
ကပ်ဘေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို အစိုးရကစားသောက်ကုန် အပါအဝင် ငွေသားတွေကို ဧပြီလကစလို့ ထောက်ပံ့လာတာ ၄ ကြိမ်ရှိနေပါပြီ။ ဒါပေမဲ့ အစိုးရက ထောက်ပံ့ပေးတဲ့ စားသောက်ကုန်နဲ့ ငွေသားတွေကို တစ်ခါမှ မရဖူးသေးတဲ့ လက်လုပ်လက်စားတွေ အများကြီးကျန်ရှိနေပါတယ်။
မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးရပ်ကွက်မှာတော့ နိုင်ငံတော် ထောက်ပံ့ငွေ ၄ သောင်းမရတဲ့အတွက် ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူတွေကို အရေးယူဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဒီနေ့မနက်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေ လာရောက် မဖြေရှင်းတဲ့အပေါ် ကျေနပ်မှုမရှိတဲ့အတွက် ရပ်ကွက်နေပြည်သူ ၆၀ နီးပါးလောက်က ရပ်ကွက် အတွင်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
အရေးယူပေးဖို့ တောင်းဆိုခံရတဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကို RFA ကမေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် မေးမြန်းခွင့်မရခဲ့ပါဘူး။
ကျောင်းကြီး ၃ လမ်းမှာ နေထိုင်ပြီး အသက် ၇၀ ကျော် ဦးအောင်သန်းဦးဟာ နိုင်ငံတော်က ထောက်ပံ့တဲ့ ငွေကြေးတစ်စုံတစ်ရာ မရရှိခဲ့ကြောင်း ဒီတစ်ခေါက်မှာတော့ စားဝတ်နေရေး ကျပ်တည်းနေတဲ့အတွက် လာရောက် ထုတ်ယူပေမယ့် မရဘူးလို့ ပြောပါတယ်။
“ကျနော်တို့ ၄ ကြိမ်ရှိသွားပြီ ၄ သောင်းက စတုတ္ထအကြိမ် ရှိသွားပြီ တစ်ခုမှ မရဖူးဘူး၊ နောက်တစ်ချက်က အုပ်ချုပ်ရေးမှူးရွေးတဲ့အခါမှာ ဆယ်အိမ်မှူးက ရာအိမ်မှူး ရွေးပေးရတယ်၊ ရာအိမ်မှူးကနေ အုပ်ချုပ်ရေးမှူး ရွေးတယ်၊ သူတို့အမျိုးတွေကြီးပဲဆိုတော့ သူတို့ချည်းပဲ အုပ်ချုပ်ရေးမှူးလုပ်နေတာ အကုန်လုံး လုပ်စားနေတာ အဲဒါအဓိကပြောတာ ကျနော်”
မိသားစု သုံးယောက်ရှိပြီး အစိုးရကသတ်မှတ်ထားတဲ့ မရှိဆင်းရဲသားထဲမှာ အိုးပိုင်အိမ်ပိုင် မရှိသူဆိုတာ မျိုးဖြစ်ပေမယ့် လက်ရှိကိုဗစ်ကာလမှာ သမီးဖြစ်သူ အလုပ်အကိုင်က ပိတ်ထားတာကြောင့် ဝင်ငွေမရှိဘူးလို့ ပြောပါတယ်။
မင်္ဂလာဒုံမြို့နယ်၊ သင်္ကန်းကျွန်းကြီး သီရိသုခလမ်းမှာနေထိုင်ပြီး ဆိုင်ကယ်ဝပ်ရှော့လုပ်နေတဲ့ ကိုလင်းလင်းက အစိုးရရဲ့ထောက်ပံ့မှုကိုတစ်ခါမှ မရဖူးဘူးလို့ ပြောပါတယ်။
“ တစ်ကြိမ်မှ မရဖူးဘူး။ ကြက်သွန်လည်း မရဖူးဘူး။ ဆီလည်း မရဖူးဘူး။ ဆန်လည်း မရဖူးဘူး။ ဘယ်အချိန် ပေးလို့ ဘယ်အချိန်ကောက်မှန်းကို မသိဘူး။ ပေးတာလည်း မသိလိုက်ရဘူး။ လာကောက်တာလည်း မသိလိုက်ရဘူး။ အကိုတို့ ပတ်ပတ်လည်မှာ တစ်ကြိမ်မှ မရဖူးဘူး။ အစ်ကို့ခြံထဲမှာကို ဆယ်အိမ်ရှိတယ်။ သက်ကြီးရွယ်အိုတွေ လုပ်စားနေတာ နှစ်အိမ်ရှိတယ်။ လင်မယားနှစ်ယောက်တည်း လက်လုပ်လက်စား လုပ်စားတာ တစ်အိမ်ရှိတယ်“
အစိုးရက ဧပြီလကနေ ဇွန်လအတွင်း စားသောက်ကုန်လှူဒါန်းတာ တစ်ကြိမ်၊ ငွေကျပ် နှစ်သောင်းထောက်ပံ့တာ နှစ်ကြိမ်ရှိခဲ့ပြီး အခုနိုဝင်ဘာလတွင်း စတုတ္ထအကြိမ်အနေနဲ့ ငွေသား ၄ သောင်းထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် အပြင်ထွက်အလုပ်မလုပ်ရတဲ့အတွက် ထောက်ပံ့ကြေးငွေ ၄ သောင်းကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေကတဆင့် ပေးဝေခဲ့ရာမှာ အခြေခံလူတန်းစား အများစုက မရခဲ့တာကြောင့် ဝေဖန်ပြောဆိုမှုတွေရှိနေကြတာပါ။
သင်္ဃန်းကျွန်းကြီးရပ်ကွက်က စံပယ်လမ်းမှာ နေထိုင်တဲ့ ဒေါ်ခင်သန်းနု ဆိုသူက အခြေခံလူတန်းစားဆိုတာကို ဘယ်လိုခွဲခြားလည်း ဆိုတာကို သိချင်ပြီး မှန်မှန်ကန်ကန် မလုပ်ဆောင်တဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကို ပြင်းပြင်းထန်ထန် အရေးယူစေချင်တယ်လို့ ပြောပါတယ်။
“၄ ကြိမ်မြောက်မှာ မရခဲ့လို့ အခုသွားမေးတယ် ကျနော်တို့က ဒီလမ်းကိုခင်းရင်း ကျနော်တို့က မရှိပေမယ့်လှူချင်တယ် ထမင်းကျွေးတယ် ကျနော့်ကို ထမင်းကျွေးတယ်တဲ့ ပြေလည်တယ် ထင်ပြီးလာမကောက်တာတဲ့ အိမ်ပိုင်တွေ ရပြီးတော့ ကျနော်တို့လို အိမ်ငှားမရတာ ဘာကြောင့်လဲ ဘယ်လိုအခြေခံလူတန်းစားကို ပေးတာလဲ အဲဒါကို သိချင်တာ ဒီ ၄ သောင်းမရရင်လည်းပဲ သူတို့ကို မမှန်မကန်လုပ်လို့ရှိရင်တော့ အပြီးထောင်ထဲသာ ပို့ပေးစေချင်တယ် မျှမျှတတဖြစ်စေချင်တယ် အကြွေးတွေကတော့ ပတ်ပတ်လည်ကို ဝိုင်းနေတာပဲ”
မသန်စွမ်းတစ်ဦး အနေနဲ့ လုပ်ကိုင်စားသောက်နေရပေမယ့် ထောက်ပံ့ငွေ လုံးဝမရသေးဘူးလို့ ဒေါ်ခင်ခင်ယုက ပြောပါတယ်။
“အစ်မတို့လိုချင်တာက အကုန်လုံးကိုပေးတာ နိုင်ငံတော်က ထောက်ပံ့တာ ကိုဗစ်ကာလမှာ အမေစုပြောထားတယ် ဟုမ်းစတေးကာလမှာ အိမ်ထောင်စုမရှိလို့ တစ်နေရာကနေတက်လာပြီးတော့ လုပ်ကိုင်စားတဲ့လူတွေ တကယ့် အောက်ခြေလူတန်းစားဆိုတာ တကယ့် အဲလိုလူတွေကို ပြောတာ။ နောက်ဆုံး ၄ သောင်းမရလို့ ၂ သောင်း ရလို့တန်းတူညီမျှ ရသွားတယ်ဆိုရင်လည်း အစ်မကိုမပေးနဲ့ဦး ကျေနပ်တယ် အစ်မက တကယ်မရတဲ့ သူတွေတစ်ပုံကြီးရှိတယ် တစ်ခါမှလည်း လာမကောက်ဘူး မေးဖော်လည်း မရဘူး”
ဇောတိက ၅ လမ်းအပိုင် ရာအိမ်မှူး ဦးမြင့်သိန်းက သူ့အပိုင်မှာ အခြေခံလူတန်းစား ၂၀၀ ကျော်ရှိပြီး လူစုံမရတဲ့ အတွက် အခုလိုပြဿနာမျိုးတွေ ဖြစ်လာတာလို့ ပြောပါတယ်။
“သွားကောက်တဲ့အခါ လူမရှိတဲ့အခါလည်း ရှိတာပေါ့နော် ၂ ခါ ၃ ခါသွားကောက်လို့ မတွေ့တော့လည်း မထည့်မိဘူးပေါ့ တချို့ကျတော့လည်း လိုင်းခန်းလေ၊ လိုင်းခန်းတွေ ပိတ်ထားတော့ ဝင်လို့မရဘူး ၊ လိုချင်တဲ့လူများ လာတယ် ရှိတဲ့လူလည်း လိုချင်တယ၊် မှောက်နေတဲ့လူလည်း လိုချင်တယ်၊ အဲဒီအခါကျတော့ ပြဿနာတွေက တက်တာပေါ့နော်၊ နည်းတော့သူတို့ သိပ်မမက်ကြဘူးလေ အခု ၄ သောင်းကျတော့ မက်လာတဲ့ အခါကျတော့ တိုက်ရှိတဲ့လူကလည်း လိုချင်တယ်၊ အိမ်စေ့လိုချင်တယ် ဆိုကြပါစို့ ဦးလေးတို့က အိမ်စေ့မပေးနိုင်တဲ့ အခါကျတော့ အခုလိုပဲဖြစ်တာပေါ့နော်”
မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ကျေးရွာအုပ်စုမှာ နေထိုင်ပြီး အငှားယာဉ်မောင်းလုပ်ကိုင်တဲ့ ဦးခိုင်ဇော်လင်းကတော့ နိုင်ငံတော်က ထောက်ပံ့ပေးရဲ့သားနဲ့ အခြေခံလူတန်းစားတွေဆီ ထောက်ပံ့ငွေ မရောက်တဲ့ အခြေအနေကို သေချာစိစစ်ပေးစေချင်တယ်လို့ တောင်းဆိုပါတယ်။
“ကိုဗစ်နဲ့ပတ်သက်လို့ ထောက်ပံ့ကြေးငွေပေးတယ်လို့ ကြားပေမယ့် ကျွန်တော်တို့ တစ်ကျပ်မှ မရပါဘူး။ ကျွန်တော်တို့ရဲ့မှတ်ပုံတင်နံပါတ်လည်းယူတယ်။ ကျွန်တော်တို့ နာမည်တွေလည်း တောင်းပါတယ်။ ဒါပေမဲ့ အခုအချိန်ထိ တစ်ကျပ်မှမရသေးပါဘူး။ ကျွန်တော်တို့ရပ်ကွက်ထဲမှာ မရှိဆင်းရဲသားတွေ အများကြီးရှိတယ်။ တော်တော်များများ တစ်ကျပ်မှ မရဘူး။ တကယ်ကို နိုင်ငံတော်က မပေးတာမှန်ခဲ့ရင် မရတာအကြောင်း မဟုတ်ပါဘူး။ ဒါပေမဲ့ နိုင်ငံတော်ကပေးရဲ့သားနဲ့ တကယ်မရတာ၊ မထုတ်တာမဟုတ်ဘဲနဲ့ ထုတ်ရဲ့သားနဲ့ မရတာဟုတ်မဟုတ် စိစစ်ပေးဖို့ တင်ပြပါတယ်။ အဲဒါကိုအထက်က စိစစ်ပေးစေချင်တယ်။ တကယ်နိုင်ငံတော်က ပေးရဲ့သားနဲ့ မရတာလား။ သူတို့ထုတ်ပြီးတော့ မပေးတာလားဆိုတာကို အထက်ကသေချာ စိစစ်ပေးစေချင်တယ်“
ထောက်ပံ့ကြေးမရသူတွေဟာ ဘယ်လိုအခြေအနေတွေကြောင့် စာရင်းမှာကျန်ခဲ့တယ်ဆိုတာကို အောက်ခြေမှာ စိစစ်နေတယ်လို့ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန့်ဇော်လင်းက ပြောပါတယ်။
“ပေးတာကိုက အိမ်ထောင်စုအားလုံးကို ပေးတာမဟုတ်ဘူး။ တချို့ကျတော့ သိတာက အိမ်ထောင်စု အားလုံးကို ပေးတာလို့သိကြတယ်။ အမှန်ကအခြေခံလူတန်းစာကိုပဲပေးတာပါ။ ငွေကြေးတတ်နိုင်သူတွေ ချမ်းသာသူတွေ မပါပါဘူး။ ဒီ ၄ သောင်းကျပ်နှုန်း ဖြန့်ဝေတာကို ဌာနဆိုင်ရာအကြီးအကဲတွေနဲ့ ကြီးကြပ် ဆောင်ရွက်နေပါတယ်။ ကျန်တယ် ကျန်တယ်ဆိုပြီး အော်နေတာတွေကိုထပ်ပြီးတော့ စိစစ် ခိုင်းနေပါတယ်။ တချို့ကျတော့လည်း ကျွန်တော်တို့တင်ပြီးမှ ပြောင်းရွှေ့ပြီး ဝင်ရောက်လာတဲ့သူတွေလည်းပါတယ်။ တချို့ကျတော့လည်းအခုနောက်မှ ပြောင်းရွှေ့လာတာမျိုးတွေလည်းရှိတယ်။ အဲတော့ အောက်ခြေမှာ အဖွဲ့လေးတွေဖွဲ့ပြီး စိစစ်ဆောင်ရွက်နေတယ်။ “
ထောက်ပံ့မှုစာရင်းကောက်ခံရတဲ့အချိန် နည်းလွန်းတာကြောင့် ကျန်ခဲ့တဲ့ အိမ်ထောင်စုတွေရှိခဲ့ပြီး အခုလိုဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတာလို့ ဒဂုံမြို့သစ်တောင်ပိုင်း ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှုးဦးဝင်းနိုင်ကဆိုပါတယ်။
“ အခြေခံလက်လုပ်လက်စားတော်တော်များများကိုထည့်ပေးထားပါတယ်။ တချို့လည်းအိမ်ပိုင် ဖြစ်ပေမယ့် အခက်အခဲတွေ တော်တော်ကြီးနေတယ်။ အိမ်ပိုင်တွေလည်း စီးပွားရေးတွေ ကျပ်တည်းနေတော့ ဘယ်လိုမှ လုပ်ငန်းမရှိတဲ့သူမျိုးတွေကိုအိမ်ပိုင်ဖြစ်ပေမယ့် အကုန်ထည့်ပေးထားပါတယ်။ နိုင်ငံတော်အနေနဲ့ အချိန်လေးရချင်ပါတယ်။ အချိန်လေးရမယ်ဆိုရင် တော်တော်အဆင်ပြေမယ်။ အခုက နာရီပိုင်းနဲ့ လုပ်နေရတယ်။ ဒါကြောင့် ကျန်ခဲ့ကောင်းလည်း ကျန်ခဲ့ပါလိမ့်မယ်။ အဲဒီအတွက်ကိုလည်း အားလုံးကို မေတ္တာရပ်ခံပါတယ်”
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ သပြေဆိပ်ကျေးရွာမှာ နေထိုင်တဲ့ ကိုအောင်ကလည်း သူတို့ရွာမှာ အကူအညီ လိုအပ်နေသူ အများအပြား ရှိနေတယ်လို့ ပြောပါတယ်။
“အနီးအနား ရွာတွေက ကပ်ဘေး ထောက်ပံ့ကြေး၊ ကိုယ်ဝန်ဆောင် ထောက်ပံ့ကြေးတွေ ရတယ်၊ ရွာမှာတော့ ကပ်ဘေးထောက်ပံ့ကြေးလည်း မရ၊ ကိုယ်ဝန်ဆောင်တွေလည်း ရှိတာကြောင့် ထောက်ပံ့ကြေး ရဖို့လိုအပ်နေပါတယ်။ ဒီအခက်အခဲကို နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ သိအောင်ပြောပြပေးပါ”
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့ အမှတ် ၉ ရပ်ကွက် ၆ လမ်းမှာ နေထိုင်သူ အမျိုးသား တစ်ဦးကတော့ ကပ်ဘေးကာလ ထောက်ပံ့မှုတွေကို လမ်းထဲက လူအများစု တစ်ကြိမ်မှ မရရှိကြဘူးလို့ ပြောပါတယ်။
“အခြေခံလူတန်းစား အိမ်ခြေ(၁၈၇) အိမ် ရှိတယ်။ ဆင်းရဲသားအိမ် ၁၈၀ ကျော်မှာ ထောက်ပံ့ကြေးရတာ ၈ အိမ်ပဲရှိတယ်။ ဘယ်အိမ် ဘယ်အိမ်တွေ တကယ်လိုအပ်နေတယ် ဆိုတာကိုလည်း စာရင်းကောက်ပြီး အုပ်ချုပ်ရေးမှူးကို ပေးထားပါတယ်။ တခြားရပ်ကွက်တွေမှာ နေထိုင်သူ သုံးပုံနှစ်ပုံလောက် ရကြပေမယ့် ကျနော်တို့ ရပ်ကွက်မှာတော့ ဒုံရင်းက ဒုံရင်းပဲ”
ဒေသအသီးသီးမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကို စာရေးပြီး ဆက်သွယ် မေးမြန်းရာမှာတော့ သူက မြို့နယ်အဆင့် တိုင်ကြားမှု ဖြေရှင်းရေးဌာနတွေကို ဖွင့်လှစ်ဖို့၊ ပြည်သူတွေ အလွယ်တကူ ဆက်သွယ်တိုင်ကြားနိုင်မယ့် ဖုန်းနံပါတ်တွေကို ထုတ်ပြန်ပေးဖို့ ဒီကနေ့ နိုဝင်ဘာ ၁၆ ရက်နေ့မှာပဲ ညွှန်ကြားလိုက်ပြီလို့ အကြောင်းပြန်လာပါတယ်။
“မြို့နယ်အဆင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးတာတွေကို ခရိုင်အဆင့်က အနီးကပ် ကြီးကြပ် ကူညီဖြေရှင်း ဆောင်ရွက်ပေးဖို့၊ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းအစိုးရ အဖွဲ့ အသီးသီးကို အချိန်နဲ့တပြေးညီ တင်ပြဖို့ ၊ ညှိနိုင်းဖြေရှင်း ဆောင်ရွက်ပေးနေတဲ့ အခြေအနေတွေကို သက်ဆိုင်ရာ နယ်မြေ ဒေသအလိုက် သတင်း ထုတ်ပြန် ရှင်းလင်းတာတွေ ဆောင်ရွက်ကြဖို့ စတဲ့အချက်တွေကို ဒီကနေ့ပဲ ညွှန်ကြားထားကြောင်း သိရှိရပါတယ်”
ပြည်နယ်နဲ့တိုင်း ၆ ခုမှာ ၇၀ ရာခိုင်နှုန်းကျော် ပေးအပ်နိုင်ခဲ့ပြီး ရန်ကုန်မှာတော့ ၆၅ ရာခိုင်နှုန်းကျော် ပေးအပ်နိုင်ခဲ့တယ်လို့ ဦးဇော်ဌေး ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဖြစ်ပွားတာ ၇ လတာ ကြာမြင့်လာခဲ့ပြီဖြစ်ပြီး လူတွေရဲ့ စားဝတ် နေရေးကလဲ ခက်ခဲကျပ်တည်းလာကြပါပြီ။ ဒါ့ကြောင့် အစိုးရကထောက်ပံ့မှုတွေ ငွေကြေးထောက်ပံ့မှုတွေ လုပ်ဆောင်ရာမှာ အခြေခံလူတန်းစားအားလုံးပါဝင်နိုင်အောင် လက်လှမ်းမှီရာစာရင်းကောက် ယူတာမျိုးမဟုတ်ဘဲ မျှမျှတတ ဂရုတစိုက်ဆောင်ရွက်ဖို့လိုတယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။