နယ်စပ်ဂိတ်တွေကပြန်လာသူတွေ အိမ်မှာ ၁၄ ရက် သီးသန့်နေကြဖို့ တိုက်တွန်း

ကျော်လွင်ဦး
2020.03.23

ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေကနေ မြန်မာနိုင်ငံဆီ နယ်စပ်ဂိတ်တွေကနေ ပြန်ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေ အားလုံး ကိုယ့်အိမ်မှာ (၁၄) ရက်ကြာ သီးသန့်နေထိုင်ကြဖို့ (Home Quarantine) လုပ်ကြဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ထိုင်းနဲ့မလေးရှားနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတာတွေရှိတာကြောင့် အဲဒီ နိုင်ငံတွေမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေဟာ နယ်စပ်ဂိတ်တွေကနေ ပြည်လည် ဝင်ရောက်လာကြပါတယ်။

အထူးသဖြင့် မြဝတီနယ်စပ်ဂိတ်မှာ  ထိုင်းနိုင်ငံကနေ  သုံးရက်အတွင်း  ရွှေ့ပြောင်းလုပ်သား နှစ်‌သောင်းကျော် ပြန်လည်ဝင်ရောက်လာပြီး ဒီနေ့ညနေပိုင်းအထိ တောက်လျောက် ပြန်လာနေကြပါတယ်။

၁၄ ရက်ကိုယ့်နေအိမ်မှာပဲ သီးသန့် နေထိုင်ကြဖို့၊ မိသားစုဝင်တွေနဲ့ ထိတွေ့တာတွေမလုပ်ဖို့ ပညာပေးတာတွေ လုပ်နေတယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့  လူမှုရေးဝန်ကြီး  ဦးဘိုဘိုဝေမောင်က  ပြောပါတယ်။

“ရောက်လာတဲ့ သူတွေကို ကျွန်တော်က ပြောတယ်။ မြဝတီမှာပဲ ကျွန်တော်တို့ စီစဉ်ပေးထားတာရှိတယ်။ ၁၄ ရက်ဖြစ်နိုင်ရင်တော့ နေပေးပါဆိုပြီး။ အများသောအားဖြင့်ကတော့ မနေချင်ကြဘူး။ မလုပ်နိုင်ဘူး ဆိုလို့ရှိရင် ကိုယ့်ဒေသကို ပြန်လို့ရတယ်။ ဒါပေမဲ့ အိမ်ထဲမှာပဲ နေဖို့တော့လိုတယ်။ ၁၄ ရက်နေရမယ်။ ပြင်ပနဲ့ ထိတွေ့မှု နည်းရမယ်။ ပြီးလို့ရှိရင် တစ်ယောက်ချင်းစီရင် သတင်းအချက်အလက်တွေ ကျွန်တော်တို့ကို အပြည့်အဝ ပေးရမယ်။ နယ်စပ်ဂိတ်တွေမှာ ကျန်းမာရေးဌာနက ဝန်ထမ်းတွေက စစ်ဆေးတာတွေ လုပ်နေသလို ပြန်လာတဲ့ သူတွေဆီက ကိုယ်ရေးအချက်အလက်တွေ၊ ဆက်သွယ်ဖို့လိပ်စာတွေ ကောက်ယူထားပါတယ်။”

ပြည်နယ်အစိုးရအဖွဲ့ကလည်း သူတို့နေရပ်ပြန်ဖို့ ခရီးသည်တင်ကားတွေနဲ့ အခမဲ့လိုက်ပို့ပေးဖို့ စီစဉ်တာတွေရှိတယ်လို့လည်း ဦးဘိုဘိုဝေမောင်ကပြောပါတယ်။

လက်ရှိမြဝတီနယ်စပ်ဂိတ်ကနေ ပြန်လာတဲ့ ရွေ့ပြာင်းလုပ်သားတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ တစ်ယောက်မှ မတွေရသေးဘူးလို့လည်း ဦးဘိုဘိုဝေမောင်က ပြောပါတယ်။

ထိုင်းဘက်က ပြန်လာတဲ့သူတွေထဲမှာ မွန်၊ ရန်ကုန်၊ ပဲခူးနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေက အများဆုံးဖြစ်ပါတယ်။

ဒီလို ပြုလုပ်နေပေမယ့် တရားမဝင်ဂိတ်တွေများတဲ့ တနင်္သာရီတိုင်းမှာ တရားမဝင် ဂိတ်တွေပြန်လာတဲ့ သူတွေဆီကနေ ကိုရိုနာပျံ့နှံသွားမှာကိုတော့ စိုးရိမ်ကြောင်း တနင်္သာရီမြို့နယ်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောပါတယ်။

“တရားဝင် ဂိတ်ကိုပိတ်တယ်ဆိုပေမယ့် ကျွန်တော်တို့ဘက်မှာက တရားမဝင်လမ်းတွေ အများကြီးရှိတယ်။ ဘုတ်ပြင်းဘက်လည်း ရှိတယ်။ ကော့သောင်းလည်းရှိတယ်။ အဲလို ခိုးလမ်းကနေ တရားမဝင် ဝင်လာတဲ့ သူတွေကတော့ ကျွန်တော်တို့ ကျန်းမာရေးစစ်ဆေးမှု မလုပ်နိုင်ဘူး။ မလုပ်နိုင်ဘဲ သူတို့နေရပ်တွေ ရောက်သွားကြမယ်။ ရောက်သွားတဲ့ နေရာကလည်း ပတ်ဝန်းကျင်ကလည်း သတိမထားမိဘူး။ ကူးစက်ရောဂါ တစ်ခုခုပါလာလို့ရှိရင်လည်း အန္တရာယ်များတဲ့ အနေအထားပဲ။ အဲဒါပဲ ကျွန်တော် စိုးရိမ်တာ။”

ဒီလို တရားမဝင်က ဝင်ရောက်လာတဲ့သူတွေကို စောင့်ကြည်နိုင်ဖို့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး မှူးတွေကို ညွှန်ကြားထားတယ်လို့ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကပြောပါတယ်။

“ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားတယ်၊ ထူးခြားတဲ့အခြေအတွေရှိရင် ဥပမာ နေရပ်ပြန်တွေဘဲဖြစ်ဖြစ်၊ လူစိမ်းတွေဘဲဖြစ်ဖြစ်၊ အဲဲအထဲက ထူးခြားတဲ့ အခြေအနေတွေပေါ့၊ ထူးခြားတယ်ဆိုတာက ရောဂါလက္ခဏာတွေ၊ သံသယဖြစ်ဖွယ်ရှိတဲ့ ကိစ္စရပ်တွေပေါ်ပေါက်ရင် အုပ်ချုပ်ရေးအဖွဲ့တွေရယ်၊ ကျန်းမာရေးဌာနတွေရယ်ကို ဆက်သွယ်ဖို့အတွက် ညွှန်ကြားထားတယ်”

ထိုင်းဘက်က ပြန်လာတဲ့သူတွေများတဲ့ ရပ်ကွက်ကျေးရွာတွေမှာ ပြန်လာတဲ့သူကိုယ်တိုင် အုပ်ချုပ်ရေးမှူးတွေ အကြောင်းကြားတာတွေရှိသလို အိမ်နားနီးချင်းတွေကလည်း လာရောက် အကြောင်းကြား တာတွေရှိတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရေဖြူမြို့နယ် ကန်ဘောက်တိုက်နယ် အုပ်ချုပ်ရေးမှူး ဦးခင်စိုးက ကျန်းမာရေး အသိပညာပေးတာတွေ ထိထိရောက်ရောက် လုပ်နေတယ်လို့ ပြောပါတယ်။

“ဟိုဘက်က ပြန်လာတဲ့လူတွေ သူတို့အိမ်တွေမှာ သွားကြည့်ပြီး နာမည်တွေ ဘာတွေယူတယ်၊ သူတို့ကို နှစ်ပတ်စောင့်ကြည့်တာပေါ့နော်၊ ကျန်းမာရေးဌာနက ထုတ်ထားသလို့ ပြောပြရတာပေါ့၊ သီးသန့်နေဖို့၊ မိသားစုတွေနဲ့ ရောမနေဖို့ဆိုတာတွေ”

မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ တာချီလိတ်၊ ဘုရားသုံးဆူ၊ ထီးခီး၊ ရနောင်း စတဲ့ နယ်စပ်ဂိတ်တွေ က လည်း မြန်မာပြည်အတွင်း ပြန်လည်ဝင်ရောက်လာတဲ့ သူတွေရှိပါတယ်။

ပြည်ပနိုင်ငံတွေကနေ ပြည်တွင်းဝင်ရောက်လာတဲ့ သူတွေအနေနဲ့ မိသားစုဝင်တွေနဲ့ နီးနီး ကပ်ကပ် မနေဖို့၊ လူစုလူဝေးရှိတဲ့နေရာတွေ မသွားဖို့နဲ့ ရောဂါလက္ခဏာတစ်စုံရှိပါက ကျန်းမာရေးဌာနကို ချက်ချင်း အကြောင်းကြားဖို့လည်း ညွှန်ကြားထားပါတယ်။

ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဟာ ဒီနေ့ မတ် ၂၃ ရက် ၁၁ နာရီ အထိ လူဦးရေ အယောက် သုံးသိန်းသုံးသောင်းကျော်ရှိသွားပြီလို့ အမေရိကန်ပြည်ထောင်စု  Johns Hopkins တက္ကသိုလ်ရဲ့ လေ့လာချက်မှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။