ဝန်ထမ်းတွေကို အလုပ်ထုတ်ခဲ့ရင် ရာထူးပြန်ပေးပြီး ဂုဏ်ပြုမယ်လို့ ကရင်ဝန်ကြီးချုပ်ကတိပေး
2021.02.05
နေအိမ်အကျယ်ချုပ်ကျနေတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ်က သူ့ကို ဆန္ဒပြနေတဲ့ အစိုးရဝန်ထမ်းတွေက သူတို့ အလုပ်က ဖယ်ရှားအရေးယူခံရရင် နောင်တချိန် ဒီမိုကရေစီအစိုးရ အာဏာပြန်ရတဲ့အခါ အလုပ်ပြန်ရမှာလားလို့ မေးမြန်းနေကြကြောင်းနဲ့ ဒီအတွက် တခြား NLD ဗဟိုအလုပ်အမှုဆောင်တွေ ခေါင်းဆောင်တွေနဲ့ သူဆွေးနွေးပြီး သဘောတူညီချက် ရရှိထားပြီးပြီဖြစ်ကြောင်း RFA ကို ပြောပါတယ်။
“ဒီနေ့ ကျမတို့ ဘားအံက အစိုးရအထက်တန်းကျောင်းအုပ်ကြီး ဒေါက်တာချိုယုမွန်ကိုလေ၊ သူတို့က ငြိမ်းချမ်းစွာပဲ ဆန္ဒပြနေကြတာပဲ။ အဲဒီလို ဗမာပြည်တပြည်လုံး ဝန်ထမ်းတွေ လုပ်နေတာပဲလေ အဲလို လုပ်နေတာကို ၅ဝ၅ (ခ) နဲ့ ဖမ်းတယ် အာမခံမပေးဘူး။ ဒီ ဝန်ထမ်းတွေက အခုစိတ်ပူနေတာကလေ သူတို့ပြန်ပြီးတော့အလုပ် ဖယ်ရှားခံရခဲ့သည်ရှိသော် ကျမတို့ အစိုးရပြန်ဖွဲ့နိုင်ရင် အလုပ် ပြန်ရနိုင်မလားဆိုပြီး။ ရတာပေါ့ အလုပ်ပြန်ရရုံတင်မကဘူး။ ကျမတို့ ဝန်ထမ်းကောင်းတံဆိပ်တောင် ပေးဦးမှာ။ ကျမ ဒါကို အာမခံ ပြောရဲတယ်။ CEC တွေဖြစ်တဲ့ ဒေါက်တာမြင့်နိုင် တို့ ဦးညီပုတို့ သက်ဆိုင်ရာတွေ ကျမလှမ်းမေးလိုက်တယ် အကုန်လုံးက ဒါကို သဘောတူကြတယ်။ တကယ်ဖြစ်လာရင် ကျမကတော့ အာမခံတယ်။ သူတို့တွေ ရာထူးပြန်ရဖို့။ ဒါကြောင့် ဝန်ထမ်းတွေကို ပြောပါ။ သူတို့ သတ္တိရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်ပေးပါလို့ ကျမ ပြောချင်ပါတယ်။”
ဒါ့အပြင် သူတို့ ဝန်ကြီးချုပ်တွေအပါအဝင် NLD ခေါင်းဆောင်တွေကို အာဏာသိမ်းစစ်အစိုးရက ပုဒ်မမျိုးစုံနဲ့ တရားစွဲအပြစ်ပေးလိမ့်မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့လည်း ဒါဟာ ဘာမှ မထူးဆန်းတဲ့ လုပ်ရပ်ပဲလို့ ဒေါ်နန်းခင်ထွေးမြင့် ကပြောပါတယ်။
“သူတို့က ကြိုက်သလိုလုပ်နေတာပဲ။ ဥပဒေပုဒ်မတွေကို ကြိုက်သလိုဆောင်ရွက်နေတာပဲ။ ကျမတို့က ဒါကို အဆန်းကြီးလုပ်ပြီးပြောနေစရာ မလိုပါဘူး။ အဲဒါတွေကိုပဲ လူတွေက ကျမကို ခဏခဏ မေးနေကြတယ်။ အိုး ကျမတို့ကတော့ ဒါတွေ ရိုးနေပြီးပဲဟာလို့ ဒီလိုဘဲ မဟုတ်က ဟုတ်က ပုဒ်မတွေနဲ့ ကျမတို့ကိုအမြဲစွပ်စွဲပြီး လုပ်နေကြတာ။ အေးပေါ့လေ အခုက လူတွေက ခေတ်ကာလနည်းနည်း ဝေးသွားတဲ့အခါကျတော့ ဒါတွေက အခုမှ အသစ်လိုပြန်ဖြစ်နေတာ။ အမှန် ဒါတွေက မဆန်းဘူး သူတို့အခုရော သူတို့ မဟုတ်က ဟုတ်ကတွေ လုပ်နေတာပဲဟာ”
လက်ရှိမှာ အာဏာသိမ်း စစ်အစိုးရက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ တခြား NLD ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး နေပြည်တော်ကို ပို့ဆောင်နေတာဟာ အဲဒီသူတွေအားလုံးကို လုံခြုံစွာ ထိန်းသိမ်းထားနိုင်ဖို့ ရည်ရွယ်ဟန်ရှိတယ်လို့ ဝေဖန်သူတချို့က ပြောပါတယ်။