ကျောင်းသားတွေ တောင်းဆိုချက် အစိုးရ သဘောတူလိုက်ပြီ
2015.02.11

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် ကျောင်း သားတွေ သပိတ်မှောက်တောင်းဆိုနေတဲ့ အချက် ၁၁ ချက်ကို အစိုးရဘက်က မူအားဖြင့် သဘောတူလိုက် ပြီ ဖြစ်ပါတယ်။
ရန်ကုန်တိုင်း လွှတ်တော်ခန်းမမှာ မနေ့ကပြုလုပ်တဲ့ အစိုးရ၊ လွှတ်တော်၊ ကျောင်းသားနဲ့ NNER ပညာရေး ကွန်ရက်တို့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကနေ သဘောတူလိုက်တာပါ။ ဒီလိုသဘောတူလိုက်တဲ့ အတွက် ဥပဒေကြမ်းရေးနိုင်ဖို့ လာမယ့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ လေးပွင့်ဆိုင် ဆွေးနွေးပွဲဆက်ကျင်းပ မယ်လို့ ကျောင်းသားကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်က RFA ကိုပြောပါတယ်။
"ကျမတို့က ကြိုပြီးတင်ထားတဲ့ အချက် ၉ ချက် စလုံး ဆွေးနွေးလို့ရရှိခဲ့တယ်လို့ ကျမတို့ ပြောရ ပါလိမ့်မယ်၊ နောက်အဲ့ဒီကမှတဆင့် ကျမတို့က မူလတောင်းဆိုထားတဲ့ အချက် ၁၁ ချက်ကို ဆွေးနွေး တယ်၊ အဲ့ဒီတော့ အချက် ၂ ချက်ဆွေးနွေးတဲ့နေရာမှာလည်း ပညာရေးဝန်ကြီးဘက်က အားလုံးကို သဘောတူတယ်၊ လွှတ်တော်ပိုင်းကလည်း သူတို့အနေနဲ့ကတော့ ဒီကထွက်လာတဲ့ ဥပဒေကြမ်းကို လွှတ်တော်ကိုပြန်သယ်သွားပေးပါ့မယ်လို့ပြောတယ်၊ နောက်ဆုံး ဘတ်ဂျက်ကိစ္စကို စကားလုံးအနည်း ငယ် ပြောင်းလဲတာကလွဲလို့ အချက် ၁၁ ချက်လုံးကိုတော့ အစိုးရဘက်က သဘောတူတယ်၊ ဒါပေမဲ့ အဲ့ဒီအချက်တွေကို ဥပဒေထဲမှာ ပြင်ဆင်တာတို့၊ ဖြည့်စွက်တာတို့၊ ထည့်သွင်းရေးဆွဲတာတို့ လုပ်ဖို့ဟာ ကတော့ ကျမတို့ ၁၄ ရက်နေ့မှာ ဥပဒေကြမ်းတစ်ခုထွက်လာတဲ့အထိ ဆက်ပြီးတော့ ဆွေးနွေးသွားဖို့ရှိ ပါတယ်"
အဲ့ဒီနေ့မှာရေးဆွဲလို့ ထွက်ပေါ်လာမယ့်မူကြမ်းကို လွှတ်တော်ကိုတင်ပြပြီး၊ လွှတ်တော်ရဲ့ သဘောတူညီချက်ရမှ၊ သမ္မတက လက်မှတ်ထိုးအတည်ပြုမှာဖြစ်ပါတယ်။
သဘောတူညီချက်တွေထဲမှာ ပညာရေးအသုံးစရိတ်ကို တစ်နိုင်ငံလုံးအသုံးစရိတ်ရဲ့ ၂ဝ ရာခိုင်နှုန်း သတ်မှတ်ဖို့ ကိစ္စကို ၅ နှစ်အတွင်း ဆောင်ရွက်သွားမယ်လို့ပါရှိသလို၊ သပိတ်မှောက်ကျောင်းသား တွေရော၊ အားပေးထောက်ခံ ကူညီသူတွေကိုပါ အရေးမယူဘူးဆိုတဲ့အချက် ပါဝင်ပါတယ်။
ဆွေးနွေးပွဲကို အစိုးရကိုယ်စားလှယ်ဘက်က သမ္မတရုံးဝန်ကြီး ဦးလှထွန်းဦးဆောင်ပြီး ပညာရေး ဝန်ကြီးနဲ့ သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးတို့ပါတဲ့အဖွဲ့ တက်ရောက်သလို၊ လွှတ်တော်ဘက်က ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင်တွေ တက်ရောက်ကြပါတယ်။