ပုလောမြို့နယ် မီးဘေးဒုက္ခသည်တွေကို တိုင်းအစိုးရ ထောက်ပံ့မည်


2016.02.15
myamyaohnkhin-620.jpg လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ နေရာပြန်လည်ချထားရေးဝန်ကြီး ဒေါက်တာ မြမြအုန်းခင်က ကျောက်ကာကျေးရွာ မီးဘေးဒုက္ခသည်တွေအတွက် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က အလှူငွေပေးအပ်စဉ်
Photo: Kyaw Lwin Oo/RFA

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ကျောက်က္ကာကျေးရွာမှာ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးသွားတဲ့ နေအိမ် ၃၀၀ ကျော်အတွက် ငွေကြေး ထောက်ပံ့ပေးမယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် က ပြောပါတယ်။

နေအိမ်တွေ ပြန်လည်တည်ဆောက်ဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘတ်ဂျက်ထဲက ငွေကျပ် သိန်း ၂၀ စီထောက်ပံ့ပေးမယ်လို့ ဝန်ကြီးချုပ် ဦးမြတ်ကို က မီးဘေးဒုက္ခသည်တွေနဲ့ တွေဆုံစဉ် ပြောပါတယ်။

"အိမ်ဆောက်ဖို့အတွက် သိန်း ၂ဝ စီပေါ့နော်၊ အားလုံးညှိညှိနှိုင်းနှိုင်းနဲ့လုပ်ကြပါ၊ အားလုံးသဘောတူတယ်နော်၊ အဓိကက ကျနော်မေတ္တာရပ်ခံချင်တာက ဒီငွေလေးနဲ့ မိုးတွင်းအမီ အိမ်လေးကိုတော့ ပြီးအောင်ဆောက်ကြပါ လို့ မေတ္တာရပ်ခံပါတယ်"

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ နေရာချထားရေး ဝန်ကြီးဌာနကလည်း မီးဘေးသင့် အိမ်ထောင်စု ၃၀၀ ကျော် အတွက် တစ်အိမ်ထောင်ကို သွပ်အချပ် ၅၀ နဲ့ ငွေကျပ် တစ်သိန်းစီ လှူဒါန်းခဲ့ပါတယ်။

အဲဒီအလှူငွေပေးအပ်ပွဲကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ နေရာချထားရေးဝန်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင်၊ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းစစ်ဌာနချုပ် ဒုတိုင်းမှူး နဲ့ အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာနကလည်း ဆရာ/ဆရာမတစ်ဦးကို ငွေကျပ် ၅သိန်းစီ၊ ဆယ်တန်းကျောင်းသားတစ်ဦးကို ကျပ် ၅သောင်းစီနဲ့ ၉တန်းနဲ့ တခြားအတန်းက ကျောင်းသူကျောင်းသားတစ်ဦးကို ကျပ် ၃သောင်းစီ ထောက်ပံ့ ပေးမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၃ရက်နေ့က ကျောက်က္ကာကျေးရွာမှာ ဝါယောရှော့ဖြစ်ရာကနေ ၅နာရီကြာ မီးလောင် ကျွမ်းခဲ့ရာ နေအိမ် ၃၀၀ ကျော် ပျက်စီးခဲ့ပြီး လူဦးရေ ၁၈၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။